ရေကျသွားလို့ အိမ်ပြန်တော့မယ်ဆိုရင် သတိထားရမယ့် အချက်များ

ရေကျသွားလို့ အိမ်ပြန်တော့မယ်ဆိုရင် သတိထားရမယ့် အချက်များ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ သစ်တောတွေပြုန်းတီးလာမှုနဲ့ သဘာဝပတ်ဝန်းကျင်တွေ ညစ်ညမ်းလာမှုကြောင့် ရာသီဥတုေဖာက်ပြန်ပြောင်းလဲမှုတွေကို လူသားတွေအလူးအလဲခံစားနေကြရပါတယ်။ အပူလှိုင်းဖြတ်တာ၊ မိုးကြီးရေလျှံတာ၊ မြေပြိုတာနဲ့ အမျိုးမျိုးသော ရာသီဥတုပြောင်းလဲမှုတွေကို တွေ့ကြုံခံစားနေကြရပါတယ်။ ဒီလိုမျိုး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့ ပြဿနာတွေထဲမှာ အဆိုးရွားဆုံးက မိုးကြီးရေလျှံတာလို့ဆိုရမလားပဲ။ အခုလတ်တလော မြန်မာနိုင်ငံအနှံ့အပြားမှာလည်း ရေကြီးမှုတွေကြုံတွေ့နေရသလို အိမ်နီးချင်းလာအို၊ ထိုင်းနိုင်ငံတွေမှာလည်း ရေကြီးမှုတွေဖြစ်ပေါ်နေပါတယ်။

ရေကြီးက အဆမတန်ကြီးတဲ့အခါ အသက်အန္တရာယ်ဆုံးရှုံးတာမျိုးတွေအထိတွေကြုံရနိုင်ပါတယ်။ ရေကြီးတာကပဲ အန္တရာယ်ရှိနေတာ ရောဂါတွေကို  ဖြစ်စေနေတာမဟုတ်ပါဘူး။  ရေကျသွားတဲ့အခါမှာလည်း အန္တရာယ်ဖြစ်စေနိုင်တဲ့အနေအထားတွေ ရင်ဆိုင်ရနိုင်သလို ရောဂါတွေကို ခံစားရနိုင်ပါသေးတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကနေတဆင့် ရေကျသွားတဲ့အခါ အန္တရာယ်ကင်းစေဖို့ ဘာတွေကို သတိထားရမလဲဆိုတာကို ပြောပြပေးမယ်နော်။

ရေကျသွားလို့ အိမ်ကိုပြန်တော့မယ်ဆိုရင်

အိမ်ရဲ့ခိုင်ခန့်မှုအခြေအနေကို အရင်စစ်ဆေးပါ – ရေကျသွားလို့ နေအိမ်တွေကို ပြန်ပြီဆိုရင် အရင်ဆုံးကတော့ နေအိမ်တစ်ခုလုံးမှာ ရှုပ်ပွနေသမျှကိုရှင်းလင်းဖို့ပါ။ ဒါမှပဲ  ရောဂါပိုးတွေအန္တရာယ်ကနေကာကွယ်နိုင်မှာကိုး။ ဒါပေမယ့် အိမ်ကို သန့်ရှင်းရေးမလုပ်ခင်အရင်ဆုံးလုပ်ရမယ့်အချက်တွေရှိပါသေးတယ်။ ဒါကတော့ နေအိမ်ရဲ့ ခိုင်ခန့်မှုအခြေအနေပါ။ နေအိမ်ကရေဝင်ထားတာ လေတိုက်ခံထားရတာတွေကြောင့် ခိုင်ခန့်မှုအားနည်းနေနိုင်ပါတယ်။ ကြမ်းပြင်မှာ အပေါက်တွေဖြစ်နေလား၊ ကြမ်းကျွံနေလား၊ မှန်ကွဲစတွေရှိနေလားဆိုတာကို စစ်ဆေးပါ။

လျှပ်စစ်စီးဝင်နေနိုင်တဲ့အရာတွေကို သတိထားပါ – နေအိမ်တစ်အိမ်မှာ လျှပ်စစ်မီးကို အသုံးပြုရတဲ့ပစ္စည်းတွေကတော်တေ်ာလေးတော့များပါတယ်။ ဒါကြောင့် အိမ်ရောက်တဲ့အခါ လျှပ်စစ်မီးနဲ့အသုံးပြုရတဲ့အရာတွေကို အမှုမဲ့အမှတ်မဲ့ကိုင်တွယ်ထိတွေ့တာ၊ မီးခလုတ်တွေကိုဖွင့်ကြည့်တာ၊ ဓာတ်ကြိုးတွေကို ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့။ မတေ်ာတဆ ဓာတ်လိုက်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။ တတ်ကျွမ်းနားလည်သူတွေနဲ့စစ်ဆေးပြီးမှ လျှပ်စစ်ပစ္စည်းတွေကို ကိုင်တွယ်ပါ။

မြွေလိုမျိုး အဆိပ်ရှိတဲ့အကောင်တွေကို သတိထားပါ – ရေကြီးတဲ့အခါ ရေနဲ့အတူမြွေတွေ၊ အခြားအဆိပ်ရှိတဲ့ အကောင်တွေက နေအိမ်ရဲ့ နေရာတွေမှာ ခိုအောင်းနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေအိမ်ကို သန့်ရှင်းရေးလုပ်တဲ့အခါ ရော်ဘာလည်ရှည်ဖိနပ်စီးတာ၊ ရော်ဘာလက်အိတ်စွပ်တာလိုမျိုး အကာအကွယ်တွေကို ဝတ်ဆင်ပြီးမှ သန့်ရှင်းရေးလုပ်ပါ။ အဆိပ်ရှိတဲ့အကောင်တွေကို သတိထားဖို့ မမေ့ပါနဲ့။ ဂတ်စ်မီးဖိုတွေကိုလည်း မဖွင့်ဖို့သတိရပါ။

ရေတွေကို ပြန်မသုံးပါနဲ့ – ရေကြီးစဉ်က ရေဝင်ထားတာမျိုးဖြစ်နေတဲ့ ရေအရင်းအမြစ်တွေကို ပြန်မသုံးပါနဲ့။ ကုန်စင်အောင်သွန်ပစ်ပြီး အသစ်လဲပေးပါ။ သောက်ရေနဲ့ချက်ပြုတ်ဖို့ကတော့ ရေသန့်ကိုပဲအသုံးပြုပါ။

ထိခိုက်ဒဏ်ရာတွေကို သေချာကာကွယ်ပေးပါ – ရေကြီးစဉ်က ပြောင်းရင်းရွှေ့ရင်းနဲ့ မတေ်ာတဆထိခိုက်မိထားတာရှိနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာတွေကို မသန့်ရှင်းတဲ့ရေတွေကနေတဆင့် ဘက်တီးရီးယားတွေဝင်ပြီး အနာရင်းတာတွေမဖြစ်စေဖို့အတွက် အနာကို ပလာစတာကပ်တာ၊ ပတ်တီးစည်းတာမျိုးတွေလုပ်ဆောင်ပေးပါ။

ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝအောင်နေပါ – ရေကိုဆာမှ သောက်တာမျိုးမလုပ်ပါနဲ့။ ကိုယ်တိုင်ရော မိသားစုဝင်တွေကိုပါ ရေဓာတ်ပြည့်ဝအောင်ထားပြီး ဝမ်းရောဂါနဲ့ အခြားအဖျားရောဂါတွေမဖြစ်အောင်ကာကွယ်ပါ။ သောက်သုံးတဲ့ရေက သန့်စင်ဖို့တော့လိုပါမယ်။

သန့်ရှင်းမှုမလုပ်ပြီးခင်မှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို အဆင်ပြေမယ့်တစ်နေရာမှာထားပါ – သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေက ကိုယ်ခံအားနည်းသူတွေဖြစ်တာကြောင့် နေအိမ်သန့်ရှင်းလို့မပြီးခင်မှာ မခေါ်ထားတာကအကောင်းဆုံးပါ။ ရေကြီးစဉ်ကတင်ကျန်ခဲ့တဲ့ အမှိုက်နဲ့နုန်းတွေထဲမှာ ရောဂါပိုးတွေရှိနေနိုင်တာကြောင့်ပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ဘေးကင်းမယ့်တစ်နေရာမှာထားပြီး အိမ်ကို သန့်ရှင်းပြီးမှ ခေါ်ပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ – သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ လက်ဆေးဖို့မမေ့ပါနဲ့။ အစားအစာတွေကို မပြင်ဆင်ခင်၊ အစားအစာတွေကို မစားခင်မှာလည်း ခြေလက်တွေကို သန့်စင်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို မပြတ်ဂရုစိုက်ပေးပါ။ ဒါမှ မလိုလားအပ်တဲ့ရောဂါတွေအန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။

တစ်အိမ်လုံးကို ပိုးသတ်သန့်စင်ပါ – ရေကြီးတဲ့အခါ ရေထဲမှာ အညစ်အကြေးတွေ၊ အမှိုက်သရိုက်တွေနဲ့ရောဂါပိုးတွေပါနိုင်တာကြောင့် တစ်အိမ်လုံးကို သန့်စင်ပြီးသွားပြီဆိုရင် ပရိဘောဂတွေ၊ အိုးခွက်ပန်းကန်တွေနဲ့ အသုံးအဆောင်တွေကိုပါမကျန် ပိုးသတ်သန့်စင်ဖို့မမေ့ပါနဲ့။ အဝတ်အစားတွေကိုလည်း ဆပ်ပြာမှုန့်နဲ့ ရေနွေးအသုံးပြုပြီး လျှော်ပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly