ငြိမ်းချမ်းရေးစကားဝိုင်းပါ၀င်ရန် ရုပ်ရည်ချောမောသူများကို ရွေးချယ်

ငြိမ်းချမ်းရေးစကားဝိုင်းပါ၀င်ရန် ရုပ်ရည်ချောမောသူများကို ရွေးချယ်
လွိုင်ကော်မြို့တွင်း ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ငြိမ်းချမ်းရေးစကားဝိုင်း။ ဓာတ်ပုံ-အီးပီအေ

ရန်ကုန်၊ သြဂုတ် ၃ ။            ။ ပခုက္ကူမြို့တွင်ကျင်းပမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ရန်  ရုပ်ရည်ချောမောသူများကို တက္ကသိုလ်အာဏာပိုင်များမှ ရွေးချယ်ခဲ့ကြောင်း ကွန်ပျုတာတက္ကသိုလ် (ပခုက္ကူ) ကျောင်းသားသမဂ္ဂက ထုတ်ပြန်သည်။

"ဆရာထဲကဆို PHD ဘွဲ့ရဖြစ်ရမယ်။ ငယ်ရွယ်ရမယ်လို့ ပါပါတယ်။ ကျောင်းသားထဲကတော့ အတန်းကြီးထဲကဖြစ်ရမယ်။ မျက်နှာအမူအရာ ထားတတ်ရမယ်။ ရုပ်အဆင်းအင်္ဂါချောမောရမယ် စတဲ့အချက်တွေကို ကျောင်းအုပ်ကြီးနဲ့ ဆရာများပါတဲ့အဖွဲ့ကနေ ရွေးချယ်ကြောင်းပြောပါတယ်" ဟု ပခုက္ကူကွန်ပျုတာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ဥက္ကဋ္ဌ ကိုအောင်အောင်က ပြောသည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြမည့် ကျောင်းသား၊ ကျောင်းသူနှင့်ဆရာ၊ ဆရာမ အပါအဝင် စုစုပေါင်း ၄ ဦးကို ပခုက္ကူကွန်ပျုတာတက္ကသိုလ်မှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကျောင်းသား၊ ကျောင်းသူ ၃ ဦးနှင့် ဆရာ ၁ ဦးအား ရွေးချယ်ထားပြီးဖြစ်သည်။ထိုသို့ရွေးချယ်ရာတွင် ကျောင်းသားသမဂ္ဂအား အသိပေးခြင်းမရှိခဲ့သောကြောင့် သမဂ္ဂအနေဖြင့် ဝမ်းနည်းကြောင်း သြဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

ရွေးချယ်ခံရသူများအား ကျောင်းသားသမဂ္ဂအနေဖြင့် ကန့်ကွက်ခြင်းမရှိသော်လည်း ရွေးချယ်ရာတွင် ကျောင်းသားသမဂ္ဂအားအသိပေးရန်၊ ပါဝင်ရွေးချယ်ခွင့်ပေးရန်နှင့် တက္ကသိုလ်အာဏာပိုင်များရွေးချယ် ခဲ့သည်မှာ ကျောင်းသားထုအားကိုယ်စားမပြု၍ ဒီမိုကရေစီနည်းမဖြစ်သည့်အတွက် ကန့်ကွက်ကြောင်း ကိုအောင်အောင်က ဆိုသည်။

ထို့အပြင် သြဂုတ်လ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပညာရေးနှင့်စီမံအစည်းအဝေးတွင် ၎င်းကိစ္စရပ် အား ပြန်လည်သုံးသပ်ပေးရန် ကျောင်းသားသမဂ္ဂအနေဖြင့် တောင်းဆိုခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း ဖော်ပြထားသည်။

"အဲဒီလိုပြောတာမဟုတ်ပါဘူးရှင့်။ အစည်းအဝေးမှာ တီချယ်က စကားပြောရင်တစ်ဖက်နဲ့တစ်ဖက် အမူအရာ လေးတွေ ပြေပစ်ရမယ်။ မျက်နှာကြီးထန်မနေရဘူး။ လှလှပပလေးနေရမယ် အဲဒီလိုပြောတာပါရှင့်" ဟု ပခုက္ကူကွန်ပျုတာတက္ကသိုလ် ကျောင်းသားရေးရာမှ ဌာနခွဲစာရေး ဒေါ်သိန်းရီနိုင် က ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေးစကားဝိုင်း၌ ပါဝင်ဆွေးနွေးကြမည့် ကျောင်းသား၊ ကျောင်းသူနှင့်ဆရာ၊ ဆရာမစာရင်းကို ခရိုင်မှ ချက်ချင်းအကြောင်းပြန်ပေးရန် ပြောကြားလာသောကြောင့် သင်တန်းဆရာများ၊ ကျောင်းသားနှင့်အစည်းအဝေးပြုလုပ်ကာ ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း ကျောင်းသားရေးရာမှ ဌာနခွဲစာရေး က ဆိုသည်။

ပခုက္ကူမြို့တွင်ပြုလုပ်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပမည့် နေ့ရက်၊ နေရာနှင့် တက်ရောက်မည့် ပုဂ္ဂိုလ်များကိုလည်း တက္ကသိုလ်အာဏာပိုင်အဖွဲ့မှ အသိပေး ကြေညာထားမှုလည်းမရှိကြောင်း ပခုက္ကူကွန်ပျုတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကဆိုသည်။

ပခုက္ကူမြို့ရှိ ကွန်ပျုတာတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၁၄ ဦး တက်ရောက် ပညာသင်ကြားနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required