ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ တစ်ပါတီထဲကို မဲပေးခိုင်းတာ လွဲတဲ့အယူအဆဖြစ်တယ်လို့ ဆိုလာတဲ့ ဦးစိုင်းညွှန့်လွင်

ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ တစ်ပါတီထဲကို မဲပေးခိုင်းတာ လွဲတဲ့အယူအဆဖြစ်တယ်လို့ ဆိုလာတဲ့ ဦးစိုင်းညွှန့်လွင်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်နိုင်ရန် NLD  ပါတီကို တိုင်းရင်းသားများမဲပေးလက်တွဲရန် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောဆိုထားသည်။ ယင်းအပြင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ တိုင်းရင်းသားဒေသများတွင် ရှုံးနိမ့်ခဲ့ခြင်းသည် တိုင်းရင်းသားများမှ ဒေသစွဲ လူမျိုးစွဲကြီးခြင်းကြောင့် ဖြစ်သည် ဟု ဒေါက်တာမျိုးညွန့်က ပြောဆိုထားသည်။ အဆိုပါပြောကြားခဲ့မှုနှင့်ပတ်သက်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)မှ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို မဇ္ဈိမသတင်းထောက် ဇေယျာမော်က ဆက်သွယ်မေးမြန်းထားသည်။

မေး။              ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်ဖို့ဆိုတာ တစ်ပါတီတည်းက လုပ်ဆောင် နိုင်ပါ့မလား။

ဖြေ။              ။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ စနစ်ဆိုတာ ပါတီစုံဖြစ်ဖို့ လိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖေါ်ဆောင်ဖို့ဆိုရင် ဘယ်လောက်ကြီးတဲ့ပါတီဖြစ်ပါစေ ၊ တစ်ပါတီထဲနဲ့ တည်ဆောက်လို့ မရပါဘူး။ ရခဲ့တယ်လို့ ငြင်းဆိုရင်လဲ အတုဘဲ ရနိုင်ပါလိမ့်မယ်။

မေး။         ။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ဆိုရင် တစ်သံတည်းထွက်စေမယ့် တစ်ပြည်လုံးလွမ်းခြုံမယ့်ပါတီကို မဲပေးပါ။ nld ကိုမဲပေးပါဆိုပြီး ပြောတယ် ။ အဲ့ဒါဖြစ်နိုင်ပါ့မလား။

ဖြေ။              ။ Concept  မှားနေတယ်ဗျ ။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ဖို့ (တစ်သံထဲထွက်စေဖို့) ဆိုပြီး တစ်ပါတီထဲကို မဲပေးခိုင်းတာ လွဲတဲ့အယူ အဆဖြစ်ပါတယ်။ မဲဆွယ်ရုံသက်သက် ရည်ရွယ်ပြီး ပြောတယ်ဆိုရင်တော့လဲ မပြောတတ်ဘူးပေါ့ ။ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ဆိုရင် အဲ့ဒီ Concept က လုံးဝမှားနေ တယ်လို့ ပြောချင်ပါတယ်။  ကိုင်းဗျာ ။ ၂ဝ၁၅ ရွေးကောက်ပွဲတုန်းက NLD ပါတီကို ပြည်သူလူထုက ရာနှုန်း ရှစ်ဆယ်နီးပါး မဲပေးခဲ့တယ်။ အခုထိ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနဲ့ ဘယ်လောက်နီးအောင် လုပ်ပြီးပြီလဲဆိုတာ သက်သေပြနိုင်သလားလို့ မေးရင် ဘယ်လိုဖြေမလဲ။

မေး။              ။ အခုလက်ရှိမှာလည်း NLD က နေရာအများစုအနိုင်ရထားတာဖြစ်နေတယ်။ ဆိုတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားဖို့ ဖော်ဆောင်နေတာမျိုးရော မြင်မိလား။

ဖြေ။              ။ သက်သက်ညှာညှာ ပြောရရင်တော့ ကြိုးစားနေပါတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ ၈ဝ% လောက် အနိုင်ရထားတာတောင်မှ အခုထိ ထင်ထင်ရှားရှား မလုပ်နိုင်သေးပါဘူး။ ၂၁-ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ တတိယအကြိမ်အထိ ပြန်သုံးသပ်ကြည့်ရင် သိနိုင်မြင်နိုင်ပါတယ်။ အခု အခက်အခဲတွေက ထင်ထင်ရှားရှားရှိနေပါလျှက်နဲ့  ဒီပါတီတစ်ခုထဲကိုဘဲ မဲထည့်ဖို့ ဆက်ပြောနေတာတွေ့ရ တော့ အံ့အား သင့်မိတယ်။ ကိုယ့်ကို လူထုက ၈ဝ% မဲပေးပြီးပြီ ။ ခုထိ သေသေချာချာ မလုပ်ပြနိုင်သေးဘူး။ ဒါကိုပဲ ထပ်ပြီး မဲပေးခိုင်းနေတော့ တစ်ခုခု တော့ လွဲနေပြီလို့ ပြောချင်ပါတယ်။

မေး။              ။ ဆရာတို့ ပါတီအနေနဲ့ရော ဒီကြားဖြတ်ရွေးကောက်ပွဲအပေါ် ဘယ်လိုလုပ်ဆောင်နေလဲ။

ဖြေ။              ။ကြားဖြတ်မှာလဲ ကျွန်တော်တို့က ကိုယ့်စည်းရုံးရေးနယ်မြေတွေဖြစ်တဲ့ နှစ်နေရာမှာဘဲ ဝင်ဖြစ်မှာပါ။ ကိုယ့်စည်းရုံးရေးနယ်မြေ မဟုတ်ရင် မဝင်ပါဘူး။  အကုန်ဝင်ရမယ်/ အကုန်နိုင်ရမယ်ဆိုတဲ့ ကြွေးကြော်မှုတွေလဲ မလုပ်ပါဘူး။ ကိုယ့်စည်းရုံးရေးနယ်မြေ မဟုတ်ဘဲ သွားဝင်ပြီး  မနိုင်တဲ့အခါကြတော့ တောပြောတောင်ပြောတွေလဲ ကျွန်တော်တို့ မလုပ်ချင်ဘူး။

မေး။              ။ တိုင်းရင်းသားဒေသတွေမှာ ပြည်မက ပါတီတွေ ဝင်ပြိုင်တယ်။ အနိုင်ရတာ နည်းတယ် ပေါ့နော်။ ဆိုတော့ သူတို့မှာ ဘာတွေအားနည်းချက်ရှိတယ်လို့ ထင်လဲ။

ဖြေ။              ။ ကျွန်တော့်မိတ်ဆွေ ဆရာမျိုးညွန့် (NLD ပါတီမှ ဒေါက်တာမျိုးညွန့်) ပြောခဲ့တာ ရှိပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လူမျိုးစွဲ ၊ ဒေသစွဲတွေ ရှိလို့ အရင်ကလဲ အောင်မြင်မှုနည်းခဲ့တယ်လို့ ဆိုပါ တယ်။ဒါ မဟုတ်ပါဘူး။ ကိုယ့်စည်းရုံးရေးနယ်မြေ မဟုတ်လို့ဘဲ ဖြစ်ပါတယ်။ စည်းရုံးရေးကောင်းရင် နိုင်မှာဘဲ ။ ညံ့ရင် ရှုံးမှာဘဲ ။ ဒေသစွဲကြောင့် ၊လူမျိုးစွဲကြောင့် ဆိုရင် NLD ထဲမှာ ဘယ်တိုင်းရင်းသားမှ ဝင်ပါမှာ မဟုတ်ပါဘူး။ ကိုယ်မနိုင်တာဟာ စည်းရုံးရေးညံ့လို့ဆိုတာ ရဲရဲဝန်ခံဖို့ လိုပါတယ်။ ညီညွတ်ရေးကို ထိခိုက်စေတဲ့ အပြောမျိုးကို ဆင်ခြင်သင့်တယ်။ တစ်ခု သတိချပ်ဖို့က ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေက ဗမာအများစု နယ်မြေတွေမှာ ဝင်ပြိုင်တာ မရှိသလောက်ပါဘဲ ။ လုံးဝ မရှိဘူးလို့တောင် ဆိုနိုင်ပါတယ်။  ဝင်ပြိုင်လဲ မနိုင်မှန်း သိနေကြတယ် လေ။ ဒါဆိုရင် အဲ့ဒီနယ်မြေတွေမှာ လူမျိုးစွဲ ၊ ဒေသစွဲ ရှိနေလို့ ဆိုပြီးအပြစ်တင်ရင် လက်ခံမလား။

မေး။              ။ ဖြည့်စွက်ပြောချင်တာမျိုး ရှိမလားခင်ဗျာ။

ဖြေ။              ။ စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်ချင်တယ်။ ထူထောင်ဖို့လဲ ခေါင်းဆောင်မှု ပေးနေ တယ်ဆိုရင် တိုင်းရင်းသားတွေကို သဘောပေါက်ဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ ပြောပြောနေတဲ့ တန်းတူ ညီမျှရေးဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ အားလုံးကို ကိုယ့်အဖွဲ့အစည်းအောက်ကိုဘဲ ဆွဲသွင်းဖို့ ကြိုးစားနေရင် ဝေးနေကြအုန်းမှာပါ။ တကယ်လုပ်ရမှာက တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တန်းတူရည်တူ ဆက်ဆံပြီး ဆွေးနွေးမှ အောင်မြင်မှုရနိုင်ပါမယ်။  အားလုံးကို ကိုယ့်အောက်ဆွဲသွင်းဖို့ စိတ်ကူးနေတဲ့ Concept ဆိုရင်တော့ ဝေးနေကြအုန်းမှာမို့ ဝမ်းနည်းစရာပါဘဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly