သြဂုတ်လ ၂ ။ ။ သေဆုံးသူ အောင်ရဲထွေးနှင့် ရန်ငြိုးရန်စမရှိခဲ့ကြောင်း စွပ်စွဲခံရသူများအနက် တစ်ဦးဖြစ်သူ ကိုကျော်ဇောဟန် က ပြောဆိုလိုက်သည်။
“ အားလုံး တရားစီရင်တဲ့အတိုင်းပေါ့။ တရားရုံးကပဲ ဆုံးဖြတ်မှာပါ။ ကျွန်တော်ကတော့ ဘာမှ ပြောစရာ မရှိပါဘူး။ ဒီတိုင်းပဲ အခန့်မသင့်လို့ ဖြစ်သွားတာပါ။ ရန်ငြိုးရန်စတော့ မရှိပါဘူး။ ကျွန်တော်တို့က ရိုင်းစိုင်းတဲ့ သူတွေတော့ မဟုတ်ကြပါဘူး။ အဲ့ဒါပဲ ပြောချင်ပါတယ်” ဟု စွပ်စွဲခံထားရသူ ကိုကျော်ဇောဟန်က ဆိုသည်။
ယနေ့ သြဂုတ်လ ၃ ရက်တွင် ပုဇွန်တောင်မြို့နယ်ရှိ ရွှေဘုန်းပွင့်ဘုရားဝင်းထဲမှ ဘုန်းကြီးကျောင်း တစ်ခု၌ အလှူလာလုပ်သည့် ကိုကျော်ဇောဟန်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသကဲ့သို့ နိုင်ငံခြားသို့ အပန်းဖြေခရီး ထွက်ခြင်းမျိုး လည်း မရှိခဲ့ဘဲ ၎င်း၏ညီဖြစ်သူရှိရာ နေပြည်တော်သို့သာ သွားရောက်ခဲ့ခြင်းဟု ၎င်းက ဆိုသည်။
ဟာသသရုပ်ဆောင် အောင်ရဲထွေးအမှုတွင် လာရောက်ဖမ်းဆီးခံခဲ့သူ ၃ ဦးစလုံးကို အရှေ့ပိုင်းခရိုင်တရားရုံးမှ ဇူလိုင် ၂၅ရက်နေ့တွင် အမှုပိတ်သိမ်းခဲ့ပြီး စွပ်စွဲခံထားရသူ ၃ ဦးကို လွှတ်ပေးခဲ့မှု အပေါ် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးက တိုင်းဒေသကြီးတရားလွှတ်တော်သို့ ဇူလိုင်လ ၃၀ ရက်နေ့၌ ပြင်ဆင်ချက်တင်သွင်းထားသည်။