ဝန်ကြီးဦးမြင့်လှိုင် မဲဆွယ်မှု တရားမျှတမှုမရှိ၍ ကော်မရှင်ထံ အသိပေးကန့်ကွက်မည်ဟုပြော

ဝန်ကြီးဦးမြင့်လှိုင် မဲဆွယ်မှု တရားမျှတမှုမရှိ၍ ကော်မရှင်ထံ အသိပေးကန့်ကွက်မည်ဟုပြော
Photo - နေလင်း

ရန်ကုန်၊ စက်တင်ဘာ ၄ ။ ။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးမြင့်လှိုင်၏
မဲဆွယ်မှုများ တရားမျှတမှုမရှိသဖြင့် ကော်မရှင်သို့ တိုင်ကြားရန် စီစဉ်ထားကြောင်း အတိုက်အခံပြိုင်ဖက် အမတ်လောင်း ဦးသန့်ဇင်ထွန်းက စက်တင်ဘာ ၄ရက်တွင် မဇ္ဈိမကို ပြောသည်။

"ဝန်ကြီးတွေကို မဲဆွယ်ခွင့် မပေးထားဘူး။ ပါတီစည်းရုံးခွင့်နဲ့ နယ်မြေလှုပ်ရှားခွင့်ပဲ ပေးထားတာ။ အခု သူကိုယ်စား
လာပြီး လုပ်ပေးသွားတာက သူကိုမဲထည့်ဖို့ မဲဆွယ်သွားတာကို မှတ်သားပြီး ကော်မရှင်ကိုအသိပေးမယ်။ ပါတီကိုလည်း တင်ပြပြီး ရွေးကောက်ပွဲအပြီး ရလဒ်ပေါ်မူတည်ပြီးတော့လည်း ကန့်ကွက်ဖို့လုပ်ဖို့ အခုစုထားတယ်။" ဟု
၎င်းကဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀၊ ၁၂၁ နှင့် ကိုက်ညီလျှင်
ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဇူလိုင်လ ၈ရက်မှ စတင်ကာ ပြုလုပ်ခွင့်ရှိ
သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ရက်က ထုတ်ပြန်ထားသည်။

ဒက္ခိဏသီရိမြို့နယ်ပါဝင်သည့် မဲဆန္ဒနယ်မှ ဝင်ရောက်မည့် တစ်သီးပုဂ္ဂလအမတ် လယ်ဆယ်ညွှန်ချုပ် (ငြိမ်း) ဦးကျော်ဝင်း က စက်တင်ဘာ ၄ရက်၌ ရွာသစ်ကျေးရွာတွင် မိမိအတွက်သာမက ဦးမြင့်လှိုင်အတွက် မဲဆွယ်ရေးသားမှုများ ပါသည့် ထီး၊ ယပ်တောင်နှင့် လက်ကမ်းစာဆောင်များကို ဖြန့်ဝေခဲ့သည်။

"ဦးကျော်ဝင်းက ဝန်ထမ်းပဲ၊ သူကအစိုးရအဖွဲ့ဝင်အဆင့် မဟုတ်ဘူး။ အဲဒီတော့ဒီနေ့ (စက်တာဘာ ၄ရက်) လုပ်သွားတာကို ဦးမြင့်လှိုင်က တစ်ချိန်ကျရင် တာဝန်ယူရလိမ့်မယ်။ ကော်မရှင်ခွင့်ပြုထားတာက ဝန်ကြီးတွေ
နိုင်ငံတာဝန်ယူလို့ လူပုဂ္ဂိုလ် အရမဟုတ်ပဲ ပါတီ၊ နယ်မြေပဲစည်းရုံးခွင့်ရှိတာ၊ အခုဟာက မဲဆွယ်တာ။" ဟု ဦးသန့်ဇင်ထွန်းက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာ ၄ရက်တွင် အမျိုးသားလွှတ်တော် မန္တလေးတိုင်းမဲဆန္ဒနယ်အမှတ် ၁၀တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်မည့် လယ်/ဆယ် ညွှန်ချုပ် (ငြိမ်း) ဦးကျော်ဝင်းက "ဒီမိုကရေစီဖော်ဆောင်ရေး ဒို့ကိုယ်စားလှယ်ကို မဲတွေပေး" စာတမ်းပါသည့် ၎င်းအတွက် မဲဆွယ်သည့် စာရွက်များကို ဒိုးနွယ်ရွာအတွင်း ဖြန့်ဝေခဲ့သည်။

ယင်းအပြင် "ဒို့အတွက် အမှန်တစ်ကယ်အကျိုးပြုမည့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို ဒို့အားလုံး ထောက်ခံဆန္ဒမဲ ပေးကြပါစို့" ဟု မှင်သားအဖြူဖြင့် ရေးသားထားသည့် စာသားပါ အစိမ်းရောင်ထီးနှင့် ယပ်တောင်များကိုပေးဝေကာ မဲဆွယ်စည်းရုံးခဲ့သေးသည်ဟု ဒက္ခိဏသီရိနေ ဦးနေလင်းက မဇ္ဈိမကိုပြောသည်။

"စိတ်ဓါတ်တွေက တော်တော်အောက်တန်းကျတယ်ပဲပြောရမှာပေါ့။ ကျွန်တော်တော့ သူတို့လိုပိုက်ဆံမသုံးနိုင်ဘူး။ ၈ရက်နေ့ကစပြီး တစ်အိမ်တက်ဆင်း ကိုယ်ပိုင်အင်အားသုံးပြီး စည်းရုံးဖို့ ကော်မရှင်ကို စာတင်ထားပြီ။ အာဏာရှိတဲ့သူက ငွေနဲ့ဖိတယ်။ အခုကိစ္စကတော့ ဘယ်လိုမှ မတရားဘူး။" ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားပြု ဒက္ခိဏသီရိမြို့နယ်မှ ဝင်ရောက်မည့် အမတ်လောင်း ဦးနိုင်မင်းက ဆိုသည်။

ဒက္ခိဏသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် စက်တင်ဘာ ၄ရက်တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးသည်ဟု
ပြိုင်ဖက်အမတ်လောင်းများကဆိုသည့် ဆောင်ရွက်မှုကို ကော်မရှင်သို့ အသိပေးထားခြင်း မရှိကြောင်း ဒက္ခိဏသီရိမြို့နယ် ကော်မရှင် ဦးစီးအရာရှိ ဦးအောင်ကျော်သူက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ကို အသိပေးလျောက်ထားတာမရှိပါဘူး။ အဲဒီကိစ္စတွေကို ပါတီတွေကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ကျင့်ဝတ်အရထိန်းသိမ်းရမှာ။ အဲဒါကိုလည်း အခုကျွန်တော်တို့က ကြားရုံပဲရှိတာပါ။ ပါတီတွေက တိုင်ရင်လည်း
သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပတွေနဲ့အညီ စိစစ်ပေးနိုင်မယ်။" ဟု ၎င်းက ပြောသည်။

အမတ်လောင်းများသည် ရက်ပေါင်း ၆၀ (စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ရက် ည ၁၂နာရီအထိ) တရားဝင်မဲဆွယ်စည်းရုံးခွင့်ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly