အောင်ရဲထွေးအမှု အဂတိလိုက်စားကြောင်း ကျော်စောသတင်းအဖြစ် သတ်မှတ်

အောင်ရဲထွေးအမှု အဂတိလိုက်စားကြောင်း ကျော်စောသတင်းအဖြစ် သတ်မှတ်
ဓာတ်ပုံ - သက်ကို(မဇ္ဈိမ)

ရန်ကုန် ၊ သြဂုတ် ၃ ။           ။ ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု ရုပ်သိမ်းခဲ့ခြင်းအပေါ်  အဂတိလိုက်စားကြောင်း ကျော်စော သတင်းအဖြစ် သတ်မှတ်သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့ သြဂုတ်လ ၃ ရက်နေ့ တွင် သတင်းထုတ်ပြန်လိုက်သည်။

ယမန်နေ့ သြဂုတ်လ ၂ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၌ အောင်ရဲထွေးအမှုကိစ္စနှင့် ပတ်သက်ပြီး စုံညီအစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ဂ)အရ ကျော်စောသတင်းအဖြစ် သတ်မှတ်ရန်ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃(ဂ) တွင် အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းဟု ရေးသားထားပြီး “ရာထူးဆိုင်ရာ လုပ်ပိုင်ခွင့် နှင့် တာဝန်များ ကျင့်သုံးဆောင်ရွက်ရာမှ အဂတိလိုက်စားမှုဖြင့် ငွေကြေးနှင့် ပစ္စည်းများ တိုးပွားရရှိလာခြင်းကြောင့်သော်လည်း၊ ပေးရန်တာဝန်များ လျှော့ချခြင်းကြောင့်သော် လည်းကောင်း၊ ငွေကြေးနှင့် ပစ္စည်းများကို မတရားရယူခြင်းကြောင့်သော်လည်းကောင်း ကြွယ်ဝချမ်းသာ လာခြင်းကို ဆိုသည်” ဟု ယင်းစာသားအပေါ် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

ယင်းအတွက်ကြောင့် ကော်မရှင် ပုဒ်မ ၁၇(ဈ) အရ ကော်မရှင်သို့ သတင်းပေးပို့ချက်အဖြစ် အတည်ပြုသတ်မှတ်ပြီး ဆက်လက်စုံစမ်းစစ်ဆေးသွားရမည်ဖြစ်သည်။

အောင်ရဲထွေး အသတ်ခံရမှုတွင် စွပ်စွဲခံထားရသူများအား ပြန်လွှတ်ပေးခဲ့ခြင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်းဖွယ်ရာ ခိုင်လုံသည့် အထောက်အထား ရှိနိုင်သည်ဟု ယုံကြည်ကြောင်း ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါအမှုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ် နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ တို့အား နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့က ခေါ်ယူတွေ့ဆုံပြီး အောင်ရဲထွေးအသတ်ခံရသောအမှုရုပ်သိမ်းခြင်း၏ နောက်ခံ အကြောင်းအရာများ၊ အခြားပတ်သက်ဆက်နွယ်မှုများကို တိတိကျကျစိစစ်ပြီး ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရန် မှာကြားထားသည်။

လက်ရှိအချိန်တွင် အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံထားရသူ ၃ ဦးကို လွှတ်ပေးခဲ့မှုအပေါ် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးက တိုင်းဒေသကြီးတရားလွှတ်တော်သို့ ဇူလိုင်လ ၃၀ ရက်နေ့က ပြင်ဆင်ချက် တင်သွင်းထားသည်။

ယင်းအတွက်ကြောင့် အောင်ရဲထွေးအား သတ်သူအဖြစ် စွပ်စွဲခံရသူ ၃ ဦးကို ပြန်လည်ခေါ်ယူရန် သမ္မန်စာကို ပေးပို့သွားမည်ဖြစ်ပြီး အမှုရုပ်သိမ်းထားမှုကို လက်ခံသင့်၊မသင့်ကို တရားသူကြီးမှ ၎င်းတို့၏ လျှောက်လဲချက် များကို ကြားနာပြီး စိစစ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဟာသရုပ်သံတိုများကြောင့် Facebook လူမှုကွန်ယက်စာမျက်နှာတွင်လူသိများခဲ့သည့် အောင်ရဲထွေး (ခ) ရဲထွေးအောင် သည် ၎င်း၏ ချစ်သူနှင့်အတူ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညတွင် The One Entertainment ၏ ဖျော်ဖြေရေးပွဲသို့ သွားရောက်စဉ် လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့မှုကို ခံခဲ့ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် ရရှိထားသောဒဏ်ရာများနှင့် ဇန်နဝါရီ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းသေဆုံးမှုအတွက် ရန်ပွဲအတွင်း အောင်ရဲထွေးကို ထိုးကြိတ်ကန်ကျောက်ခဲ့ကြသည်ဟုဆိုသည့် သန်းထွဋ်အောင် (ခ) သားကြီး ၊ ကျော်ဇောဟန် (ခ) ကျော်ဇော နှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးစလုံးကို ရဲစခန်းသို့ မိဘများက လာရောက်ပို့ဆောင်အဖမ်းခံခိုင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly