ဆီးရီးယားသမ္မတ အာဆတ်က အတိုက်အခံနှင့် အာဏာခွဲဝေယူနိုင်သည်ဟု ရုရှသမ္မတ ဗလာဒီမီယာ ပူတင် ပြောကြား

ဆီးရီးယားသမ္မတ အာဆတ်က အတိုက်အခံနှင့် အာဏာခွဲဝေယူနိုင်သည်ဟု ရုရှသမ္မတ ဗလာဒီမီယာ ပူတင် ပြောကြား

ဗလာဒီဘော့စတော့၊ စက်တင်ဘာ -- ၄ ။          ။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်မှာ ရှောင်တခင်ပါလီမန်ရွေးကောက်ပွဲများ ကျင်းပရန် အသင့်ရှိကြောင်းနှင့် အားကောင်းသည့် အတိုက်အခံ များနှင့် အာဏာခွဲဝေယူနိုင်ကြောင်း ရုရှသမ္မတ ဗလာဒီမီယာ ပူတင်က စက်တင်ဘာလ ၄ရက်နေ့က ပြောကြားခဲ့သည်။

ပူတင်၏ မှတ်ချက်စကားများမှာ အာဆတ်နှင့် အပေးအယူလုပ်ရာတွင် မော်စကိုက လက်ခံနိုင်ဖွယ် တိုးတက်လမ်းတစ်ရပ်အဖြစ် ယူဆထားချက်ကို ယေဘူယျ ပေါ်လွင်စေခဲ့သည်။ လေးနှစ်ခွဲကြာ နိုင်ငံကို ဖုံးလွှမ်းဝါးမျိုနေခဲ့ပြီး လူပေါင်း သန်းတစ်စိတ်ခန့် သေဆုံးခဲ့ရပြီဖြစ်သည့် စစ်ပွဲတွင် အီရန်နည်းတူ ရုရှမှာ အာဆတ်၏ အဓိကကျသော နိုင်ငံတကာ မဟာမိတ်ဖြစ်သည်။
 
မော်စကိုက၎င်းအနေဖြင့် အာဆတ် ပြုတ်ကျသွားသည်ကိုမမြင်လိုကြောင်းနှင့် ဆီးရီးယားနှင့် အီရတ်တွင် အိုင်အက်စ် အကြမ်းဖက်အုပ်စု အောင်မြင်နေသည်များကို ထောက်ရှု၍ ဘုံရန်သူကို တိုက်ခိုက်ရေး ဒမတ်စကတ်နှင့် ပူးပေါင်းရန် အမေရိကန်ပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျအပါအဝင် ၎င်း၏ ပြည်ပရန်သူများကို တိုက်တွန်းခဲ့သည်။

‘ကျနော်တို့ဟာ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကို ဆန့်ကျင်တိုက်ဖျက်ဖို့အတွက် နိုင်ငံတကာ ညွှန့်ပေါင်းအဖွဲ့မျိုးကို ထူထောင်ချင်ပါတယ်’’ဟု ပူတင်က ရုရှအရှေ့ဖျား ဗလာဒီဗော့စတော့တွင် ကျင်းပခဲ့သော အရှေ့ပိုင်းစီးပွားရေးဖိုရမ်၏ ဘေးပန်းအနေဖြင့် ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။

‘အကြမ်းဖက်မှု တိုက်ဖျက်ရေးကို နိုင်ငံတကာက တစုတစည်းတည်းလုပ်ဆောင်မှုဟာ ဆီးရီးယားက နိုင်ငံရေးဖြစ်စဉ်တွေနဲ့ အပြိုင်ဖြစ်သင့်ပါတယ်’’’ဟုလည်း ပူတင်က ပြောကြားခဲ့သည်။

‘ပြီးတော့ ဆီးရီးယားသမ္မတကလည်း ဒါကို သဘောတူပါတယ်။ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲတွေကို စောနိုင်သမျှ အစောဆုံးကျင်းပဖို့၊ အတိုက်အခံဆိုတဲ့လူတွေနဲ့ အဆက်အသွယ်ထူထောင်ပြီး သူတို့ကို အစိုးရအဖွဲ့ထဲ ထည့်သွင်းဖို့ပါ’’ဟုလည်း ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။

မော်စကိုက အိုင်အက်စ်စခန်းများကို လေကြောင်းမှ တိုက်ခိုက်နေသည့် အမေရိကန်ခေါင်းဆောင်သော ညွှန်ပေါင်းတပ်ဖွဲ့ကို ဆီးရီးယားနှင့် အီရတ်မှ စစ်တပ်များ၊ စစ်မြေပြင်မှ အာဆတ်ဆန့်ကျင်ရေး သူပုန်အုပ်စုများအပြင် ကာဒစ်တပ်ဖွဲ့များနှင့်လည်း ညှိနှိုင်းအလုပ်လုပ် စေလိုသော ဆန္ဒရှိနေသည်။

သို့ရာတွင် အာဆတ်၏ ရန်သူများကမူ အာဆတ်မှာ အဖြေမဟုတ်ဘဲ၊ ပြဿနာ၏ အစိတ်အပိုင်းသာဖြစ်သောကြောင့် ထွက်ပေးရမည်ဟု ယုံကြည်နေကြရာ ဒမတ်စကတ်နှင့် ပူးပေါင်းလိုက်ပါက အာဆတ်၏ အုပ်စိုးမှုကို တရားဝင်အောင် ကူညီရာရောက်မည်ကို စိုးရိမ်ကြသဖြင့် ပူးပေါင်းရန် ငြင်းဆန်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly