ရှေ့နေများကို ငေါက်ငမ်းခဲ့သောဇေယျာဖြိုးကို ဥပဒေအရသံခြေချင်းခတ်ရန် ပြောဆိုခဲ့ဟု တရားလိုရှေ့နေပြော

ရှေ့နေများကို ငေါက်ငမ်းခဲ့သောဇေယျာဖြိုးကို ဥပဒေအရသံခြေချင်းခတ်ရန် ပြောဆိုခဲ့ဟု တရားလိုရှေ့နေပြော

ရန်ကုန်၊ သြဂုတ်လ ၂ ။            ။ ဦးကြည်လင်းအမှုတွဲမှ ဇေယျာဖြိုးက တရားခွင်အတွင်း ရှေ့နေများအား ပြန်လည်ငေါက်ငမ်းခဲ့သည့်အတွက် ဥပဒေအရ သံခြေချင်းခတ်ရန်အတွက် ရဲတပ်ဖွဲ့အား ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေဦးရော ဘတ်စန်းအောင်က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ် လုပ်ကြံခံခဲ့ရသည့် အမှု နှင့်ပတ်သက်ပြီး ဦးကြည်လင်းအမှုတွဲမှ ဦးအောင်ဝင်းဇော်အား ယနေ့ သြဂုတ်လ ၂ ရက်နေ့တွင် ၅ ကြိမ်မြောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယနေ့ ဦးအောင်ဝင်းဇော်အား စစ်ဆေးခဲ့ရာ တရားခွင်အတွင်း ဦးကြည်လင်းနှင့် ဇေယျာဖြိုးတို့က အမှုစစ်ဆေး နေသည့်အပေါ် ရယ်မောဟားတိုက်နေသည့်အတွက် တရားလွှတ်တော်ရှေ့နေ ဦးနေလက “ရယ်စရာဘာပါ နေလဲ”ဟု မေးမြန်းခဲ့ရာ ဇေယျာဖြိုးက ပြန်လည် ဒေါသဖြင့် တုန့်ပြန်ပြောဆိုခဲ့ကြောင်း၊ ဦးရောဘတ်စန်းအောင် က “မင်းကိုပြောတာ”ဟု ဝင်ပြောခဲ့ရာမှ ဇေယျာဖြိုးက   ပြန်လည်ငေါက်ငမ်းပြောဆိုခဲ့သဖြင့် ဇေယျာဖြိုးအား ဥပဒေနှင့်အညီ သံခြေကျင်းခတ်ပေးရန် ရဲအား ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အငှားယာဉ်မောင်းကနေဝင်း မိသားစု ဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။

“ ကျွန်တော်တို့က နဂိုတည်းက ဒီလိုအခြေအနေမျိုးမှာ အမှုရဲ့အပြီးသတ်ပိုင်းကို ရောက်လာတဲ့အခါမှာ လှုပ်ရှား မှုမှန်သမျှဖြစ်နိုင်တယ်လို့ တွက်ချက်ထားပြီးသား။ ရဲတွေကိုလည်းပဲ ကြိုတင်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြဿနာမဖြစ်အောင်ထိန်းပါလို့ ကြိုတင်ပြောထားတယ်”ဟု ဦးရောဘတ်စန်းအောင်ကပြောသည်။

ဇေယျာဖြိုးက တရားခွင်ကအထွက်တွင် ရှေ့နေများအား ဥပဒေသမားဖြစ်ပြီး ဥပဒေမဲ့ ပေါက်လွတ်ပဲစားများ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းပြောဆိုခဲ့သည်။ တရားလွှတ်တော်ရှေ့နေ ဦးနေလက ဦးကြည်လင်းအား တောသားကြည်လင်းဟုဆိုကာ မိုက်မိုက်ရိုင်းရိုင်း နှိမ့်ချပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆိုသဖြင့် တရားခွင်တစ်ခုလုံး ရယ်မောနေချိန် ဇေယျာဖြိုးလည်း ရယ်သဖြင့် ၎င်းအား ဦးနေလက ဘာရယ်တာလဲဟု မေးမြန်းခဲ့ရာမှ ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဇေယျာဖြိုးက တရားခွင်အပြီး အချုပ်ကားပေါ်မှ ပြောဆိုခဲ့သည်။

“ ဒါပေမယ့် ကျွန်တော်ဥပဒေမဲ့တစ်ခုမှ မပြောခဲ့ဘူး။ တရားရုံးမှာ CCTV ရှိပါတယ်။ CCTV မှတ်တမ်းကို နောက် တစ်ပတ်ရုံးချိန်းမှာလည်း တရားဝင်တင်ပြသွားမှာပါ။ နောက်တစ်ပတ်မှာ စာတင်ပါမယ်”ဟု အချုပ်ကားပေါ်မှ ဇေယျာဖြိုးက ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ကြည်လင်းအမှုတွဲမှ အောင်ဝင်းဇော်အား စစ်ဆေးပြီးစီးခြင်းမရှိသေးသည့်အတွက် ၇ ကြိမ်မြောက်ဆက်လက်စစ်ဆေးနိုင်ရန် ခရိုင်တရားရုံးမှ သြဂုတ်လ ၃ ရက်နေ့ကို ပြန်လည်းချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required