ဖက်ဒရယ်ဒီမိုကရေစီ လိုချင်ပါက NLD ကိုမဲပေးပါဟု ဒေါက်တာမျိုးညွန့်ဆို

ဖက်ဒရယ်ဒီမိုကရေစီ လိုချင်ပါက NLD ကိုမဲပေးပါဟု ဒေါက်တာမျိုးညွန့်ဆို
ဓာတ်ပုံ - သူရ

ရန်ကုန် ၊ သြဂုတ် ၂ ။       ။ တိုင်းရင်းသားများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား လိုချင်ပါက NLD ပါတီကို မဲပေးပါဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်သည်။

လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၎င်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“အမှန်အတိုင်းဝန်ခံရရင် တိုင်းရင်းသားဒေသတွေမှာ လူမျိုးစွဲ၊ဒေသစွဲ ရှိတဲ့အတွက် အဲ့ဒေသတွေမှာ အောင်မြင်မှုက ၁၉၉၀ ကတည်းကိုက နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေအဓိက လိုလားနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးဟာ စည်းလုံးတဲ့ တစ်သံတည်းဖြစ်တဲ့ ဒီမိုကရေစီအင်အားစု မဖြစ်မနေလိုပါတယ်။ ဒီအချိန်မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လက်တွဲဖို့၊မဲပေးဖို့ တိုင်းရင်းသားများ သဘောပေါက်လာဖို့အရေးကြီးပါတယ်” ဟု ဒေါက်တာမျိုးညွန့် ကဆိုသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတနေရာ တာဝန်ယူထားသည့် ဦးဝင်းမြင့်၏ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာအပါအဝင် ပြည်သူ့လွှတ်တော် ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကျင်းပသွားမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အနေဖြင့် အဆိုပါ ၁၃ နေရာစလုံးကို ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး NLD ပါတီအဓိက ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ပါတီများသည် တိုင်းရင်းသား ပါတီများ ဖြစ်လာနေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ၂၀၁၇ ခုနှစ်တွင်လည်း လစ်လပ်နေရာ ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယင်းရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၈ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။

အဆိုပါ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီသည် ၁၁ နေရာသာ အနိုင်ရရှိပြီး ၇ နေရာ ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ရှုံးနိမ့်ခဲ့သည့် နေရာများတွင် ယခင်၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မဲအပြတ်အသတ်အနိုင်ရခဲ့သည့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကဲ့သို့သော နေရာများလည်း ပါဝင်နေခဲ့သည်။ရှုံးနိမ့်ခဲ့သည့် နေရာအများစုသည်လည်း တိုင်းရင်းသားဒေသများ ဖြစ်နေကြောင်း သိရသည်။

 “အဓိကကတော့ ကျွန်တော်တို့ကိုထောက်ခံတဲ့ပြည်သူတွေ မဲရုံကို မလာခဲ့လို့ပါ။ ပြည်သူတော်တော် များများဟာ ကြားဖြတ် ရွေးကောက်ပွဲ (၂၀၁၇) ကို စိတ်ဝင်စားမှုနည်းပါးခဲ့ပါတယ်။ အဲ့ဒီစိတ်ဝင်စားမှု နည်းပါးတဲ့ မဲဆန္ဒရှင်များဟာ NLD ကို ပေးမယ့်သူတွေ ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ ကိုယ်ရဲ့ပြိုင်ဘက်က မဲပိုရလို့မဟုတ်ဘဲ ကိုယ့်ထောက်ခံမဲကို ရအောင်မစုဆောင်း နိုင်ခဲ့တဲ့ အတွက် ရှုံးခဲ့တယ်လို့ သုံးသပ် ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က သုံးသပ်ပြောဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly