ပဲခူးတိုင်းရေဘေးဒုက္ခသည်တွေကို အနုပညာရှင်များ သွားရောက်လှူဒါန်း

ပဲခူးတိုင်းရေဘေးဒုက္ခသည်တွေကို အနုပညာရှင်များ သွားရောက်လှူဒါန်း

ပဲခူး၊ သြဂုတ် ၂ ။          ။ ပဲခူးတိုင်းဒေသကြီးအတွင်းက ရေဘေးဒုက္ခသည်တွေကို ရုပ်ရှင်သရုပ်ဆောင် ခင်ဝင့်ဝါက ရန်ကုန်အခြေစိုက် Online Donation Group (ODG) လူငယ်ပရဟိတအဖွဲ့နဲ့အတူ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကဝမြို့နယ်အတွင်းရှိ ကွမ်ပေါင်ကျေးရွာနှင့် သောင်ကြီး ကျေးရွာတွေကို ဩဂုတ်လ ၁ ရက်က သွားရောက်ပြီး အိမ်ထောင်စု ငါးရာအတွက် (တစ်အိမ်ထောင်ကို ဆန်လေးပြည်၊ ငါးပိတစ်ဗူး၊ စောင်တထည်၊ ဖယောင်းတိုင် တစ်ထုပ်နှုန်းနဲ့ စုစုပေါင်းအလှူငွေ ၃၆ သိန်းဖိုး လှူဒါန်းခဲ့ကြတာပါ။

" ပြီးခဲ့တဲ့ နှစ်ကတော့ မလှူဖြစ်ဘူး။ ရေလည်းသိပ်မကြီးတော့ ရေကြီးတယ်ဆိုပေမဲ့လည်း ရေကြီးနေကျနေရာ တွေကို မလှူတော့ဗျ။ ပုံမှန်မဟုတ်ပဲ ရေကြီးလို့ ဒုက္ခရောက်နေတဲ့ နေရာတွေကိုပဲ သွားလှူဖြစ်တာပါ။ ဒီတစ်ခေါက် ပဲခူးကဘက်က ရွာတွေက အခက်အခဲတွေဖြစ်နေလို့ သွားလှူဖြစ်တာပါ ။ နောက်ထပ် ဘားအံ ဘက်ကို သွားလှူဖို့တော့ တိုင်ပင်နေကြတုန်းပါ " လို့ Online Donation group (ODG)က ကိုဝေဖြိုးအောင်က မဇ္ဈိမကို ပြောပါတယ်။

ရွာနှစ်ရွာလုံး သွားရောက်လှူဒါန်းဖို့ လမ်းပန်းဆက်သွယ် ရေခက်ခဲတဲ့အတွက် စက်လှေအဆင့်ဆင့် စီးပြီး သွားရောက်လှူဒါန်းခဲ့ကြကာ Online Donation group (ODG)နဲ့အတူ ခင်ဝင့်ဝါ၊ ဇွန်သံဇဉ်၊ Miss Cosmopolitan Myanmar 2018 က အလှမယ် (၁၆)ဦးနဲ့ ဒေသခံ ပရဟိတအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးမြစ်ရေမြင့်တက်ခဲ့တဲ့အတွက် ရေဘေးကယ်ဆယ်ရေးစခန်း ၂ဝ ခုအထိ ဖွင့်လှစ်ထားရပြီး ရေဘေးဒုက္ခ ရင်ဆိုင်နေရသည့် အိမ်ထောင်စု ၂၅ဝဝ ခန့်မှ လူဦးရေ ၁၅ဝဝဝ ခန့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရ တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly