အလုပ် ထုတ်၊ မထုတ် တိကျသောအဖြေရရန် ဂွတ်မောနီးမုန့်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ စာတင်

အလုပ် ထုတ်၊ မထုတ် တိကျသောအဖြေရရန် ဂွတ်မောနီးမုန့်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ စာတင်
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အလုပ်သမားများ စက်ရုံရှေ့ ဆန္ဒထုတ်ဖော်ခဲ့စဉ်။ ဓာတ်ပုံ- ကိုလှိုင်မျိုးဝင်း

 

ရန်ကုန်၊ သြဂုတ်လ ၁ ။           ။ ရန်ကုန်၊ လှိုင်သာယာမြို့နယ်ရှိ ဂွတ်မောနီးတံဆိပ်ဖြင့် မုန့်များထုတ်လုပ်သော စက်ရုံမှ ဆန္ဒပြအလုပ်သမား များက ၎င်းတို့အား အလုပ်မှ ထုတ်၊ မထုတ်တိကျသည့် အဖြေရရှိရန်အတွက် စာတင်ခဲ့ကြောင်းသိရသည်။

အလုပ်ရှင်နှင့် အလုပ်သမားအကြား ရက်ပေါင်း ၄ဝ ကျော်ကြာထိ မပြေလည်ခဲ့သည့်အတွက် ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ အဆိုပါ အလုပ် သမားများကိုယ်တိုင် သွားရောက်စာတင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က စက်ရုံတွင် သတ်မှတ်ထားသည့် အခြေခံလစာ ကျပ် ၄၈ဝဝ တိုးပေးအပြီး အလုပ်ရှင်ဘက်က အလုပ်သမားများခံစားရမည့် ထောက်ပံ့ကြေး ၁၅ဝဝ ကျပ်မှ ၅ဝဝဝ ကျပ်သာပေးခဲ့ပြီး အခြားအလုပ်သမားအခွင့်အရေးများလည်း လျော့ချခဲ့သဖြင့် အလုပ်သမား ၁၄ဝ ခန့်က စက်ရုံရှေ့တွင် ၂၅ ရက်ကြာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်တေ်ာတို့ဒီနေ့ တောင်းဆိုမှုပြုလုပ်တာသည် တစ်လလည်းကျော်သွားပြီ။ ဌာနဆိုင်ရာတွေကို စာတင် ထား တာ တစ်လနီးပါးဖြစ်လာပြီ။ အဲ့ဒီအပေါ်မှာ ဖြေရှင်းမှုမရှိတဲ့အတွက် အဲ့ဒါလေးကို အမြန်ဆုံးဖြေရှင်း ပေးစေချင်တယ်။ ကျွန်တေ်ာတို့ တောင်းဆိုခဲ့တာတွေကလည်း ဥပဒေနဲ့အညီ ရသင့်ရထိုက်တာကို တောင်းဆိုခဲ့တာပါ”ဟု ဂွတ်မောနီးမုန့်များထုတ်လုပ်သည့် စက်ရုံ၊ အခြေခံအလုပ်သမားအဖွဲ့အစည်း အဖွ့ဲဝင် ကိုညီညီအောင်က မဇ္ဈိမ သို့ ပြောသည်။

အဆိုပါ ဆန္ဒပြအလုပ်သမားများက လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားရုံးတွင် ညှိနှိုင်းဖြေရှင်းမှုများ လုပ် ဆောင်ခဲ့သော်လည်း ရလဒ်အဖြေအား ကျေနပ်မှုမရှိသဖြင့် ယခုကဲ့သို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရေးအတွက်တိကျသည့် ဆုံးဖြတ်ချက်အဖြေတစ်ခုရရန် စုပေါင်းကာ စာတင်ခြင်းဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများက ပြောသည်။ အလုပ်ရှင်ဘက်မှ ၎င်းတို့အား လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်လိုပါက တစ်ဖက်သတ် ဖိအားပေး တောင်းဆိုမှု များနှင့်အတူ ခံဝန်လက်မှတ်များထိုးခိုင်းပြီး ဆန္ဒပြအလုပ်သမားများအားလုံးအား လုပ်ငန်းခွင်ပြန်လည်ဝင် ရောက်ရန် စုပေါင်းလက်ခံခြင်းမဟုတ်ဘဲ အုပ်စုခွဲလက်ခံနေခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် အလုပ်သမားအတွက် စည်းကမ်းချက် ၁ဝ ချက်ပါ ထပ်တိုးထားကြောင်း၊ ထိုစည်းကမ်းချက်တွင် အလုပ်ရှင်နှင့် လုံးဝ ညှိနှိုင်း၍မရသည့် အဓိကအချက်တစ်ချက်ပါဝင်ကြောင်း ဆန္ဒပြရာတွင်ပါဝင်ခဲ့သူ အလုပ်သမားတစ်ဦးက ပြောသည်။

“ စည်းကမ်းချက်တွေကတော့ စာချုပ်ထဲမှာ အများကြီးရှိပါတယ်။ အခုထပ်တိုးတာလည်း ခက်ခဲတယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် ခက်ခဲတာတစ်ခုပါတယ်။ ဒါကိုလည်း အလုပ်ရှင်က မညှိနှိုင်းပေးဘူး။ ဘယ် အပိုင်းလည်းဆိုတော့ အလုပ်သမားတွေ တောင်းဆိုနေတဲ့ဟာတွေကို နောက်ဘယ်တော့မှ မတောင်း ဆိုတော့ပါဘူးဆိုတဲ့အပိုင်း သူတို့က အဲ့ဒီထဲထည့်ထားပါတယ်။ အလုပ်သမားတွေမှာ တောင်းဆိုခွင့်ရှိတယ်။ ရပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် သူ့တို့က အဲ့ဒီအခွင့်အရေးကို ပိတ်ပင်တယ်”ဟု ဂွတ်မောနီးမုန့်များထုတ်လုပ်သည့် စက်ရုံတွင် ထုတ်လုပ်မှုပိုင်းတာဝန်ယူထားသော မမြင့်မြင့်လွင်က ပြောသည်။

အဆိုပါ အလုပ်သမားနှင့် အလုပ်ရှင်ကြား ပြဿနာနှင့် ပတ်သက်ပြီး မဇ္ဈိမက အလုပ်ရှင်ဘက်သို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင် ဆန္ဒပြအလုပ်သမားများအား အလုပ်ပြန်လည်ဝင်ရောက်ရန် အလုပ်ရှင်ဘက်မှ အမြဲတံခါးဖွင့် ထားကြောင်း၊ လက်ရှိတွင်လည်း ဆန္ဒပြဝန်ထမ်း ၅၅ ဦးအား လက်ခံထားပြီးဖြစ်ကာ အလုပ်ပြန်လည်ဝင် ရောက်မည်ဆိုပါက ဝန်ခံဂတိလက်မှတ်ထိုးရမည်ဖြစ်ကြောင်း စက်ရုံဘက်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ အကုန်လုံးကို ကျွန်တော်တံခါးဖွင့်ထားတာပါ။ ကန့်သတ်တယ်ဆိုတာက သူတို့တောင်းဆိုတဲ့အချက်ထဲမှာ ဥပဒေနဲ့ မညီတဲ့အချက်တွေပါတဲ့အတွက်ကြောင့် အဲ့ဒီဥပဒေနဲ့ မညီတဲ့အချက်တွေကိုနောက်ထပ်မတောင်းဆိုဖို့ ကျွန်တော်တို့က ဒါကိုပဲ ကန့်သတ်ထားတာ။ သူတို့ ဒီသြဂုတ်လထိ ၁ဝဝ ကျော်ထိဆန္ဒထွက်ပြတဲ့အချိန်မှာ လုပ်ငန်းမရပ်ဆိုင်းအောင် ကျွန်တေ်ာတို့က ပုတ်ပြတ်ဝန်ထမ်းတွေ ခေါ်ခိုင်းထားတာလေ။ ပုတ်ပြတ်ဝန်ထမ်း တွေရှိနေတဲ့အတွက်ကြောင့် သူတို့ဝင်ချင်လည်းပဲ အရင်လက်ရှိလုပ်နေတဲ့ဝန်ထမ်းတွေ စာချုပ်ပြည့်မှ သာလျှင် နောက်လူတွေကို လက်ခံလို့ရမှာ ဒါကြောင့် သူတို့ကို တစ်ပြိုင်နက်ကြီးလက်ခံလို့မရဘူးလို့ပြောချင်တာ”ဟု ဂွတ်မောနီးမုန့်များထုတ်လုပ်သည့် စက်ရုံမှ ထုတ်လုပ်မှုမန်နေဂျာ ဦးကျော်အေးက ပြောသည်။

ထို့ပြင် ဆန္ဒပြအလုပ်သမားများတောင်းဆိုခဲ့သော ဆုကြေး ကျပ် ၁၅ဝဝဝ အား ကျပ် ၁ဝဝဝဝ လျှော့လိုက်သည့် အပိုင်းမှာလည်း ထိုအပိုင်းတွင် လျှော့ခဲ့ခြင်းဖြစ်သော်လည်း စကေးကျွမ်းကျင်မှုပိုင်းတွင် ပိုတိုးမြှင့်ပေးခဲ့ကြောင်း ဦးကျော်အေးက စက်ရုံဘက်မှ ပြောသည်။

“ သူတို့က လျှော့တဲ့ဟာကိုပဲမြင်ပြီးတော့ တိုးတဲ့ဟာကိုကျတော့ သူတို့က ထောက်မပြတော့ဘူး။ တကယ့် တကယ်က စကေးမှာကျတော့ အများကြီးတိုးပေးလိုက်တယ်”ဟု စက်ရုံမှ ထုတ်လုပ်မှုမန်နေဂျာ ဦးကျော်အေး က ဆက်လက်ပြောဆိုသည်။

ရန်ကုန်၊ လှိုင်သာယာမြို့နယ်ရှိ ဂွတ်မောနီးတံဆိပ်ဖြင့် မုန့်များထုတ်လုပ်သော စက်ရုံမှာ ၁၉၉၆ ခုနှစ်ကတည်း စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အလုပ်သမား ၁၇ဝဝ ခန့်ဖြင့် လည်ပတ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required