ငွေကျပ်တစ်သိန်းကျော်နှင့် အရက်တစ်ပုလင်းတောင်းသည့် လဝကအရာရှိကို တရားစွဲမည်

ငွေကျပ်တစ်သိန်းကျော်နှင့် အရက်တစ်ပုလင်းတောင်းသည့် လဝကအရာရှိကို တရားစွဲမည်

 

နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားပြုလုပ်သူများထံမှ ငွေကျပ် ၁၄၀၀၀၀ နှင့် ၁၉၀၀၀ တန် အရက်(၁) ပုလင်းတောင်းခံသော လဝကဦးစီးအရာရှိကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦစီးအရာရှိ ဦးဇော်မိုး ဆိုသူအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ဦးစီးအရာရှိ ဦးဇော်မိုးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်း ပြုလုပ်သူများထံမှ ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများ တောင်းခံခြင်း ၊ဦးစီးအရာရှိရုံးခန်းအတွင်းရှိ အလှူခံပုံးအတွင်းသို့ အလှူငွေများထည့်ဝင်ခိုင်းခြင်း များ ပြုလုပ်ခိုင်းကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာရောက်ရှိခဲ့သည်ဟု ကော်မရှင်က ဆိုသည်။

ယင်းအတွက်ကြောင့် ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍စစ်ဆေးခဲ့ရာ ဦးဇော်မိုးသည် ၎င်းတာဝန်ထမ်းဆောင် နေစဉ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရာတွင် ငွေ ၆၀၀၀၀ ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားပြုလုပ်သူများထံမှ ငွေကျပ် ၆၀၀၀၀ နှင့် ၁၉၀၀၀ တန် အရက်(၁) ပုလင်း ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားမိတ္တူလျှောက်ထားသူထံမှ ငွေကျပ် ၂၀၀၀၀ ၊ စုစုပေါင်း ငွေကျပ် ၁၄၀၀၀၀ နှင့် ၁၉၀၀၀ တန် အရက်(၁) ပုလင်းကို တောင်းခံရယူပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့သည်ကို တွေ့ရှိရသည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ဦးဇော်မိုးအနေဖြင့် ငွေကြေးမရလျှင် အကြောင်းအမျိုးမျိုးပြ၍အချိန်ဆွဲကာ လုပ်ငန်းဆောင်ရွက်မပေးဘဲ ငွေကြေးပေးအပ်မှသာ ဆောင်ရွက်ပေးလေ့ရှိကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က ဆိုသည်။

အဆိုပါကိစ္စများ စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် ဦးဇော်မိုး အား ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး၊ မိုးညို မြို့မရဲစခန်းတွင် အမှုဖွင့်ပြီး တရားစွဲဆိုအရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်ထားသည်။

၂၀၁၃ခုနှစ်က ပြဌာန်းထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ တွင် "နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ဆယ်နှစ်ထက်မပိုသည့် ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဟု ဖော်ပြထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသူ ၁၂ ဦးသည် ထွက်ပြေးလွတ်မြောက်နေပြီး ယင်းတို့အား ဖမ်းဆီးရမိရန် သတင်းပေးတိုင်ကြားနိုင်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ဖေဖော်ဝါရီလ ၂၁ရက်နေ့ တွင် ထုတ်ပြန်ကြေညာထားသည်။

ယင်းတရားခံပြေး ၁၂ ဦးတွင် အစိုးရဌာနဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ တရားရေးဆိုင်ရာ ဝန်ထမ်းများ အများစု ပါဝင်နေသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းကလည်း ရန်ကုန်ရှိ မြေကွက်တစ်ကွက်နှင့်ပတ်သက်၍ သိန်းထောင်နှင့်ချီကာ အဂတိလိုက်စားသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲမှူးကြီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးအား အရေးယူရန် ကော်မရှင်က တရားစွဲဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required