ဖြိုးကိုကိုတင့်ဆန်းအမှု တရားသူကြီးတစ်ဦး ပြောင်းစစ်မည်

ဖြိုးကိုကိုတင့်ဆန်းအမှု တရားသူကြီးတစ်ဦး ပြောင်းစစ်မည်
ဓာတ်ပုံ - မင်းမင်း

 

နေပြည်တော်၊ သြဂုတ် ၁ ။           ။ မူးယစ်ဆေးဝါးမှု၊ လက်နက်မှုများပါဝင်သော ဖြိုးကိုကိုတင့်ဆန်း အမှုများကို စစ်ဆေးနေသည့် ဒက္ခိဏခရိုင် တရားသူကြီး ဦးလှဝင်းသည် သက်ပြည့်ပင်စင်ဖြင့် အနားယူသွားသောကြောင့် လာမည့် သြဂုတ်လ ၁၅ ရက်မှ စတင်ကာ တရားသူကြီးတစ်ဦး ပြောင်းလဲ၍ စစ်ဆေးမည်ဖြစ်သည်။

၎င်းအား တရားစွဲတင်ထားသော အမှုများကို ခရိုင်တရားသူကြီး ဦးလှဝင်းသည် ဇူလိုင်လ ၂၅ရက်နေ့က တရားလိုတစ်ဦး၏ ရုံးချိန်းစစ်ဆေးမှုအပြီးတွင် သက်ပြည့်ပင်စင်ဖြင့် အနားယူခဲ့ခြင်းဖြစ်သည်။

ယနေ့ သြဂုတ်လ ၁ရက်နေ့ က တရားခွင်တွင် အသစ်ပြောင်းလဲ လိုက်သော တရားသူကြီး ရောက်ရှိလာခြင်း မရှိသေးသောကြောင့် ဒက္ခိဏ သီရိ ဒုတိယခရိုင်တရားသူကြီး ဦးခင်မောင်ထွေးက တရားခွင်ကို ယာယီ ကိုင်တွယ်ခဲ့ကာ ချုပ်ရက် ရမန် နှစ်ပတ် ရယူကြောင်း ပြောကြားခဲ့သည်။

ချုပ်ရက် ရမန် နှစ်ပတ်ဖြစ်သောကြောင့် ဖြိုးကိုကိုတင့်ဆန်းအား စွဲတင်ထားသော အမှုများကို လာမည့် သြဂုတ်လ ၁၅ရက်နေ့တွင် အသစ်ပြောင်းလဲလိုက်သော ပြည်ခရိုင်တရားသူကြီး ဦးတင့်လွင်က ပြန်လည်စတင်စစ်ဆေးမည်ဖြစ်သည်။

ဖြိုးကိုကိုတင့်ဆန်းအား တရားစွဲတင်ထားသော အမှုတွဲများကို တရားရုံးတစ်ခုတည်းတွင် တပေါင်းတည်း စစ်ဆေးပေးရန် ရုံးပြောင်းလျှောက်ထားပြီးနောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှစစ်ဆေး၍ ဇွန် ၁၂ ရက်နေ့တွင် ပြန်လည်ပေးပို့ခဲ့ကာ ဒက္ခိဏခရိုင်တရားရုံးတွင် ရန်ကုန်တွင် စွဲတင်ထားသော အမှုများနှင့် နေပြည်တော်တွင် စွဲတင်ထားသော အမှုများကို ဒက္ခိဏခရိုင်တရားရုံး တခုတည်းတွင် တပေါင်းတည်း စစ်ဆေးနေသည်။

ဖြိုးကိုကိုတင့်ဆန်းအား တရားစွဲတင်ထားသော အမှုများကို ဇန်နဝါရီလ ၃ ရက်မှ စတင်ပြီး ဒက္ခိဏခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ကာ ခုနစ်လခန့်ကြာမြင့်ပြီဖြစ်သော်လည်း တရားလိုပြ သက်သေများကို စစ်ဆေးမှုများ မပြီးသေးပေ။

ပြီးခဲ့သည့် ၂၀၁၇ခုနှစ် အောက်တိုဘာ ၁၅ရက်၊ ည ၇နာရီကျော်အချိန်က MNA လေကြောင်းလိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် ACE ရုံးအဖွဲ့နှစ်ဦးတို့၏ ခရီးဆောင်အိတ်များကို စစ်ဆေးရာမှ သေနတ်များ၊ ကျည်တောင့်များအပါအဝင် မူးယစ်ဆေးဝါးတချို့ကို သိမ်းဆည်းရမိရာမှ ၎င်းတို့ကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော နေပြည်တော်ရှိ Hotel ACE အပါအဝင် ရန်ကုန်ရှိ ၎င်း၏ နေအိမ်၊ ရုံးခန်းစသည်တို့ကို ဆက်လက် စစ်ဆေးခဲ့ရာ သေနတ်များနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly