မသန်စွမ်းကလေးငယ်ကို အဓမ္မပြုကျင့်ရန်အားထုတ်သူအား ထောင်ဒဏ် ၁၀ နှစ်ချမှတ်

မသန်စွမ်းကလေးငယ်ကို အဓမ္မပြုကျင့်ရန်အားထုတ်သူအား ထောင်ဒဏ် ၁၀ နှစ်ချမှတ်

 

လပွတ္တာ ၊ သြဂုတ် ၁  ။          ။ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် မြွေဟောက်ကျေးရွာတွင် မသန်စွမ်းကလေးငယ်ကို အဓမ္မပြုကျင့်ရန် အားထုတ်ခဲ့သူအား ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း လပွတ္တာခရိုင်တရားရုံးမှ သိရသည်။

"တရားလိုဘက်က တင်ပြတဲ့ သက်သေ ၁၅ယောက်ရှိတယ်။ဥပဒေနဲ့ အညီစစ်ဆေးဆောင်ရွက်ပြီး ဥပဒေနဲ့အညီပဲ တရားခံက မုဒိမ်းမှုမကျုးလွန်ပေမယ့် မုဒိမ်းမှုကျုးလွန်ရန် အားထုတ်တဲ့ အဆင့် တွေ့ရတဲ့အတွက်ကြောင့်မို့လို မသန်စွမ်းနေတဲ့ အသက်ရွယ်ငယ်တဲ့ လူတွေအပေါ်မှာ ပြုကျင့်တဲ့ သူတွေကို နောင်မှာလည်း အခုလိုအမှုမျိုးဖြစ်ရင် အခုလိုပြစ်ဒဏ်မျိုးပေးပါလားဆိုတာ သိအောင် ကလေးတွေဘဝ လုံခြုံမှုရှိအောင် ထိရောက်တဲ့ ပြစ်ဒဏ် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့တာပါ”ဟု လပွတ္တာခရိုင်မှ တရားသူကြီးဒေါ်အေးအေးခိုင်က မီဒီယာများအားပြောသည်။

အဆိုပါ အမှုတွင် ကလေးမလေးကို တရားရုံးမှ နစ်နာသူအနေဖြင့် မစစ်နိုင်ခဲ့သော်လည်း ဖြစ်စဉ်၌ မုဒိမ်းမှုကျူးလွန်ရန် အားထုတ်သည့် အနေအထားများကို တွေ့ရှိခဲ့ရသောကြောင့် မုဒိမ်းမှုကျုးလွန်ရန် ကြိုးပမ်းသည့် လပွတ္တာမြို့နယ်၊မြွေဟောက်ကျေးရွာနေ ဦးဖြူအား ပုဒ်မ - ၃၇၆ ပုဒ်မ - ၅၁၁ဖြင့် ထောင်ဒဏ် ၁၀နှစ်ကို ဇူလိုင်လ၃၁ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

"ခရိုင်တရားသူကြီးဖတ်ပြသွားတဲ့ အထဲမှာ ကျုးလွန်ခံရတဲ့ ကလေးမလေးရဲ့ဘောင်းဘီမှာ သုတ်ပိုးတွေ့တယ်။နောက်ပြီး ကျုးလွန်တဲ့ ဦးဖြူရဲ့ ပုဆိုးမှာ သုတ်ပိုးတွေတယ်။အခင်းဖြစ်နေရာမှာ တခြားဘယ်သူမှမရှိဘူးဆိုတာ ပေါ်ပေါက်တယ်။ခရိုင်တရားသူကြီးဖတ်ပြသွားတာ နှစ်ယောက်ထဲ ရှိတယ်။ တခြားဘယ်သူမှမရှိဘူး။ နှစ်ယောက်အဝတ်အစားမှာ သုတ်ပိုးတွေ့တာ မုဒိမ်းမှု မမြောက်ဘူး ဆိုတာ ဘဝင်မကျဘူး”ဟု အမှုအားလိုက်ပါကူညီသော အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ဝါဝါဝင်းက ကပြောသည်။

ထိုအမှုအား အမျိုးသားလွှတ်တော်ရှိ အမျိုးသမီးနှင့်ကလေးသူငယ် ဆိုင်ရာအခွင့်အရေးကော်မတီ သို့ ဆက်လက်တင်ပြသွားမည်ဟု သိရှိရသည်။ဧရာဝတီတိုင်းဒေသကြီးတွင် သက်ငယ်မုဒိမ်းမှုများနှင့် မုဒိမ်းမှုများကို ကျေးလက်ဒေသများတွင် ဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required