ကမ္ဘာလှည့်ခရီးသည်များ ဒေါ်လာ ၁၀၀၀ Show Money ပြသရမည့်ကိစ္စ အသေးစိတ်ထုတ်ပြန်မည်

ကမ္ဘာလှည့်ခရီးသည်များ ဒေါ်လာ ၁၀၀၀ Show Money ပြသရမည့်ကိစ္စ အသေးစိတ်ထုတ်ပြန်မည်

 

ကမ္ဘာလှည့်ခရီးသည်များ မြန်မာနိုင်ငံသို့ ဝင်ရောက်လာပါက လေဆိပ်နှင့် နယ်စပ်ဝင်ပေါက်များတွင် Show Money အဖြစ်အမေရိကန်ဒေါ်လာ၁၀၀၀ ပြသရမည့် ကိစ္စအတွက် အသေးစိတ်ထုတ်ပြန် ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA)မှ ဥက္ကဋ္ဌ ဦးသန်းလွင်တိုး ကပြောသည်။

အဆိုပါ ကိစ္စအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA)တို့ ဆွေးနွေး ညှိနှိုင်းဆဲဖြစ်ကြောင်း သိရသည်။

“အမေရိကန်ဒေါ်လာ ၁၀၀၀ပြသရမှာနဲ့ ပတ်သတ်ပြီး ဆွေးနွေးနေပါတယ်။ Package Tour ဆိုရင် ကုမ္ပဏီက တာဝန်ယူမလား။ ဒါမှမဟုတ် Credit Cardနဲ့ဘဲပြမလား။ ဒါတွေကလည်း ရန်ကုန် လေဆိပ် မှာလုပ်မလား။ မပါခဲ့ ရင်ပြန်လွတ်မှာလား။ ဒါတွေကိုဆွေးနွေးညှိနှိုင်းဆဲဖြစ်ပါတယ်။ အသေးစိတ်တွေ ကတော့ အောက်တိုဘာ၁ရက် ဆိုတာလိုပါသေးတယ်။ အဲဒီမှာ ဆက်လက်ထုတ်ပြန်သွားမယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ဥက္ကဋ္ဌ ဦးသန်းလွင်တိုး ကပြောသည်။

ဂျပန်နှင့် တောင်ကိုရီးယားကမ္ဘာလှည့်ခရီးသည်များ ဗီဇာကင်းလွတ်ခွင့်နှင့် လေကြောင်းဖြင့်လာသော တရုတ်နိုင်ငံသားကမ္ဘာလှည့်ခရီးသည်များကို ဆိုက်ရောက်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

“နေပြည်တော်ကနေ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို တိုက်ရိုက်ညွှန်ကြားထားတယ်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကမှ သူရဲ့အောက်ကအသင်းတွေကို ဆက်လက် ညွန်ကြား သွားမယ်။ ဟိုတယ်၊ ခရီးနဲ့ လူဝင်မှုကြီးကြပ်ရေး ညှိနှိုင်းပြီး ဖြေလျော့မှုတွေ လုပ်ဆောင်တာပါ” ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုကို ၂၀၁၈ခုနှစ် အောက်တိုဘာ ၁ရက်မှစတင်၍ သာမန် တရုတ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ တရုတ်နိုင်ငံသားများ (ဟောင်ကောင်နှင့် မကာအို)ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်ခွင့် ပြုမည်ဖြစ်ပြီး လေဆိပ်တွင် ဆိုက်ရောက်ဗီဇာ အခကြေးငွေအဖြစ် တစ်ဦးလျှင်အမေရိကန်ဒေါ်လာ ၅၀ ကောက်ခံကာ Show Money အဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀ ပြသရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံသားကမ္ဘာလှည့် ခရီးသွားဧည့်သည်များကို အောက်တိုဘာ ၁ရက်မှစတင်၍ ၂၀၁၉ခုနှစ် စက်တင်ဘာ ၃၀ရက်အထိ တစ်နှစ် စမ်းသပ်ကာလသတ်မှတ်၍ ဗီဇာအခမဲ့ဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်များနှင့် မြန်မာ-ထိုင်းနယ်စပ်ဂိတ်(တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ ထီးခီး)များမှ ဝင်ရောက်/ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ သက်ဆိုင်ရာ ဝင်ပေါက်များတွင် Show Money အဖြစ် အမေရိကန် ဒေါ်လာ ၁၀၀၀ ပြသရမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခုတောင် နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုက ကျဆင်းနေတာ Show Money အမေရိကန် ဒေါ်လာ ၁၀၀၀ ပြရမယ်ဆိုရင် ဧည့်အဝင်က ထပ်ပြီးကျသွားဖို့ရှိနေပါတယ်”ဟု ကျောက်တံတား မြို့နယ်မှ ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၁.၂၄သန်း ဝင်ရောက်ခဲ့ပြီး ၂၀၁၈ခုနှစ်ဇန်နဝါရီလမှ  ဧပြီလအထိ ၁.၂၂သန်းသာ ဝင်ရောက်ခဲ့သောကြောင့်  ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၁ရာခိုင်နှုန်းနီးပါး လျော့နည်းသွားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ်တွင် ထိုင်းနှင့် တရုတ်နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက် လာသော်လည်း ပြင်သစ်နှင့် အင်္ဂလန်စသောဥရောပ နိုင်ငံများမှ ခရီးကမ္ဘာလှည့်ခရီးသွားဦးရေမှာ ကျဆင်းနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်တစ်ချို့က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required