ကနီတွင် ၀က်ဝမ်းကျရောဂါဖြစ်ပြီး ၀က်အကောင် ၂၀ ကျော် သေဆုံး

ကနီတွင် ၀က်ဝမ်းကျရောဂါဖြစ်ပြီး ၀က်အကောင် ၂၀ ကျော် သေဆုံး

ကနီ၊ ဇူလိုင်လ ၃၀ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ၊ သမင်ခြံကျေးရွာတွင် ရာသီဥတုအပြောင်းအလဲကြောင့် အရပ်ခေါ် ဝက်ဝမ်းကျရောဂါ ဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်း တပိုင်တနိုင်မွေးမြူသော ဝက်များ သေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့ပြီး  လက်ရှိတွင် ဝက်ကောင်ရေ ၂၃ ကောင်သေဆုံးခဲ့ပြီး ၁၃ ကောင်မှာ ရောဂါကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ လက်ရှိ ဖြစ်ပွားနေတဲ့ ဝက်ရောဂါအမည်ကို ဓာတ်ခွဲခန်းရဲ့ အဖြေရမှာသာ ပြောပြနိုင်မှာ ဖြစ်တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန တိုင်းဦးစီးညွှန်ကြားရေးမှူး ဒေါက်တာမြင့်စိုးက ပြောသည်။

အဆိုပါဝက်များ သေဆုံးမှုသည် လူကို အန္တရာယ်မပေးနိုင်ကြောင်း “ ဝက်တွေမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတွေဟာ ဝက်အချင်းချင်းသာ ကူးစက်နိုင်ပြီး တခြားတိရိစ္ဆာန်နဲ့ လူကို ကူးစက်ခြင်းမရှိဘဲ စားသုံးမိပါကလည်း အန္တရာယ်မရှိဘူး “ ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန တိုင်းဦးစီး ညွှန်ကြားရေးမှူး ဒေါက်တာမြင့်စိုးက ဆိုသည်။

သို့ရာတွင် ဝက်ရောဂါဖြစ်ပွားနေသော သမင်ခြံ ကျေးရွာမှ ဝက်များကို ရောင်းချခြင်း၊ ဝက်သား သယ်ဆောင် ခြင်းများကို ယာယီ ပိတ်ထားမည် ဖြစ်ပြီး ကနီမြို့နယ်အတွင်း ဝက်အကောင်ရေ ၉ သောင်းကျော် ရှိကြောင်း သိရသည်။

သမင်ခြံကျေးရွာအတွင်း ရောဂါကြောင့် သေဆုံးသော ဝက်အကောင်အရေစာရင်းသည်  ၁၃ ကောင်သာ ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးလွင်က ပြောသည်။

နှစ်စဉ် သမင်ခြံကျေးရွာမှာ ရာသီအကူးအပြောင်းကြောင့် ဝက်ရောဂါဖြစ်ပွားကာ ဝက်သေဆုံးမှု အနည်းငယ် ဖြစ်ပွားကာ ကျေးရွာဝက်အကောင်ရေမှာ ခန့်မှန်း ၃၀၀ ကျော်ရှိကြောင်း သိရသည်။

ယခုလက်ရှိ သမင်ခြံကျေးရွာမှာ ရောဂါမဖြစ်ပွားသေးသော ဝက်များကို ကာကွယ်ဆေးထိုးပေးခြင်း၊ဝက်ခြံအတွင်း ခြံဆေးဖျန်းခြင်း စသော ကုသကာကွယ်ရေးလုပ်ငန်းများ၊အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required