ကမ္ဘာနှင့်အဝန်း အခြေအနေများကြောင့် စင်ကာပူ စီးပွားရေးဖွံ့ဖြိုးမှုမှာ ဖိအားများနှင့် ရင်ဆိုင်နေရ

ကမ္ဘာနှင့်အဝန်း အခြေအနေများကြောင့် စင်ကာပူ စီးပွားရေးဖွံ့ဖြိုးမှုမှာ ဖိအားများနှင့် ရင်ဆိုင်နေရ

စင်ကာပူ၊ စက်တင်ဘာ - ၄ ။          ။ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS)က စက်တင်ဘာလ ၂ရက်နေ့က ထုတ်ပြန်သည့် သုံးလပတ်စစ်တမ်းတစ်ရပ်အရ ကျဆင်းမြဲကျဆင်းနေသည့် ပြင်ပ အခြေအနေများအပေါ် စိုးရိမ်မှုများ၏ အကျိုးဆက်အနေဖြင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးပညာရှင်များက တတိယသုံးလပတ်ကာလတွင် စင်ကာပူ၏ ဖွံ့ဖြိုးမှုကို လျှော့ချခန့်မှန်းခဲ့ကြသည်ဟု ဆိုသည်။

ဇူလိုင်မှ စက်တင်ဘာ သုံးလပတ်ကာလအတွက် ဂျီဒီပီကို ရှေ့တစ်နှစ်ကထက် ၂.၁ရခိုင်နှုန်းသာ ပြန့်ကားကြီးထွားလာမည ်ဟု ခန့်မှန်းထားရာ ဇွန်လကခန့်မှန်းချက် ၂.၉ရာခိုင်နှုန်းမှ သိသိသာသာ ကျဆင်းသွားခြင်းပင်ဖြစ်သည်။

၂၀၁၅တစ်နှစ်လုံးအတွက် ဂျီဒီပီဖွံ့ဖြိုးမှုခန့်မှန်းချက်မှာ မူလ ၂.၇ရာခိုင်နှုန်းမှ ၂.၂ရာခိုင်နှုန်းသို့ နိမ့်ဆင်းသွားခဲ့သည်။ ကုန်ထုတ်ကဏ္ဍမှာလည်း ယခုနှစ်တွင် မူလမျှော်လင့်ထားသလို ကြီးထွားပြန့်ကား မည့်အစား ကြုံ့သွားမည်ဟု ခန့်မှန်းထားသည်။

ကုန်ထုတ်ကဏ္ဍတွင် တစ်နှစ်လုံးအနေဖြင့် ဝ.၅ရာခိုင်နှုန်း ဖွံ့ဖြိုးမည်ဟု ခန့်မှန်းထားခဲ့ရာမှ ယခုအခါ စီးပွားရေးပညာရှင်များက ကုန်ထုတ်လုပ်မှုမှာ ၂၀၁၅ခုနှစ်တွင် ၂.၇ရာခိုင်နှုန်း သိသိသာသာ ကြုံ့ဝင်သွား မည်ဟုမျှော်လင့်ထားကြပြီး တတိယသုံးလပတ်ကာလတွင် ၂.၅ရာခိုင်နှုန်း ကြုံ့ဝင်သွားမည်ဟု ခန့်မှန်းထားကြသည်။

ရေနံမဟုတ်သည့် ပြည်တွင်းပို့ကုန်ကဏ္ဍမှာ ၂၀၁၅ခုနှစ်တွင် ၁.၅ရာခိုင်နှုန်း ဖွံ့ဖြိုးကြီးထားလာမည်ဟု ခန့်မှန်းထားရာ ဇွန်လစစ်တမ်းက ခန့်မှန်းချက် ၂.၆ရာခိုင်နှုန်းမှ ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ခြင်း ပင်ဖြစ်သည်။

ဒုတိယသုံးလပတ်ကာလတွင် စင်ကာပူစီးပွားရေးမှာ ၁.၈ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးမှုနှေးကွေးကျဆင်းသွားခဲ့ရာ ပထမသုံးလပတ်တုန်းက ရရှိခဲ့သည့် ၂.၈ရာခိုင်နှုန်း ဖွံ့ဖြိုးမှုမှ သိသိသာသာ ကျဆင်းသွား ခဲ့သောကြောင့်နောက်ဆက်တွဲ လျှော့ချခန့်မှန်းမှုများ ဖြစ်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

ရှေ့တွင် ကြုံတွေ့ရမည့် မသေချာမရေရာမှုများကြောင့် စင်ကာပူအစိုးရကိုယ်တိုင်ကလည်း ၂၀၁၅ခုနှစ်အတွက် ဖွံ့ဖြိုးမှုခန့်မှန်းချက်ကို ၂-၄ရာခိုင်နှုန်းမှ ၂-၂.၅ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။  

‘ကမ္ဘာနှင့်အဝန်းစီးပွားရေးက ၂၀၁၅ ပထမနှစ်ဝက်ကာလတုန်းက ခန့်မှန်းထားတာထက်ကို ပိုပြီး အားနယ်းနေတယ်။ ကျန်တစ်နှစ်လုံးမှာ ကမ္ဘာနှင့်အဝန်းဖွံ့ဖြိုးမှုဟာ ဖြည်းဖြည်းချင်း တိုးတက်လာမယ် လုံးမျှော်လင့်ထားပေမယ့်လည်း ဖွံ့ဖြိုးမှုက စီးပွားရေးအားလုံးမှာ ညီညာချောမွေ့မယ်ပုံမရှိဘူး’’ဟု စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက သြဂုတ်လက ပြောကြားခဲ့သည်။

ထိုအချိန်မှစ၍ နာလံထမည့်အရိပ်အယောင် ပေါ်မလာသေးလဲ စင်ကာပူ၏ ရေနံမဟုတ်သော ပြည်တွင်းပို့ကုန်ကဏ္ဍမှာလည်း ဇူလိုင်လတွင် ရှေ့တစ်နှစ်ကထက် ဝ.၈ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ထိုတစ်လတည်းမှာပင် ကုန်ထုတ်ကဏ္ဍမှာလည်း ကြုံ့ဝင်သွားခဲ့ပြီး ဝယ်နိုင်အားညွှန်းကိန်းမှာလည်း ၄၉.၇အထိ ၅၀အောက်ကို ကျဆင်းသွားခဲ့သောကြောင့် စီးပွားရေး ကြုံ့ဝင်သွားသည်ဟု ဆိုနိုင်သည်။

လွန်ခဲ့သည့်လက ကမ္ဘာနှင့်အဝန်း စတော့ဈေးကွက်များကို ဝရုံးသုဉ်းကားဖြစ်သွားစေခဲ့သည့် တရုတ်စီးပွားရေး မျှော်လင့်ထားသည်ထက် ပိုမိုဆိုးရွားစွာ နှေးကွေးကျဆင်းသွားသောကြောင့်လည်း စင်ကာပူ ၏ပို့ကုန်နှင့်ဝန်ဆောင်မှုဦးဆောင်သည့် စီးပွားရေးမှာ ရှေ့သို့ ဖွံ့ဖြိုးတိုးတက်ရာတွင် ဖိအားများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly