“ ကျပ်ငွေတန်ဘိုး မတည်ငြိမ်၊ ကျဆင်းနေတာ ဆေးမြီးတိုနဲ့ ကုမရပါ။”

“ ကျပ်ငွေတန်ဘိုး မတည်ငြိမ်၊ ကျဆင်းနေတာ ဆေးမြီးတိုနဲ့ ကုမရပါ။”

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း နိုင်ငံခြားငွေတွေနဲ့ လဲလှယ်ရင် မြန်မာကျပ်ငွေ တန်ဘိုး မတည်မငြိမ် ဖြစ်နေတာ ကာလ ကြာမြင့်နေပါပြီ။ ဒီ ပြသနာနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ဘက်ကလည်း ထိရောက်တဲ့ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်မှာတော့ ပြည်တွင်းလုပ်ငန်း ငွေကြေးသုံးစွဲမှုတွေမှာ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေကို သုံးစွဲရင် ဗဟို ဘဏ်ဘက်ကအရေးယူသွားဖို့ စီစဉ်နေတယ်ဆိုတဲ့ ကိစ္စပါ။ ဘယ်အချိန်အရေးယူမယ်၊ ဘယ်လုပ်ငန်းတွေကိုနိုင်ငံခြားငွေ သုံးခွင့်မရှိဘူးသတ်မှတ်ပြီး အရေးယူမယ်၊ ဘယ်လိုပြစ်ဒါဏ်ချမှတ်မယ် ဆိုတာတွေ သတ်မှတ်ဖို့ စီစဉ်နေတုန်းပဲ လို့ ဆိုပါတယ်။ လက်ရှိ မြန်မာကျပ်ငွေ ဘာပြသနာတွေ တက်နေသလဲ၊ ပြည်တွင်း လုပ်ငန်းငွေကြေး သုံးစွဲမှုမှာ နိုင်ငံခြားငွေ သုံးတာကို အရေးယူမယ် ဆိုလိုက်ရုံနဲ့ ပြသနာတွေပြေလည်သွားမှာလား၊ အခြားဘာတွေ လုပ်ကိုင်ဆောင်ရွက်ဖို့ သင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒီကနေ့ မြန်မာကျပ်ငွေ ဖြစ်ပေါ်နေတဲ့ ပြသနာကတော့ ငွေကြေးဖေါင်းပွပြီး နိုင်ငံခြားငွေတွေနဲ့ နှိုင်းယှဉ်ရင် တန်ဘိုးကျဆင်းနေမှုပါ။ နောက်တစ်ချက်က မြန်မာကျပ်ငွေကို အယုံအကြည် နည်းနေတာပါ။ တဆက်တည်း ဖြစ်ပေါ်နေတဲ့ ပြသနာက ဒေါ်လာ အပါအဝင် မှောင်ခိုဈေးကွက် အလွန်ကြီးမား ကျယ်ပြန့်နေပြီး ငွေကြေးတန်ဘိုး မတည်မငြိမ် ဖြစ်နေတာပါ။ ဒီ ပြသနာတွေအားလုံးဟာ တဆက်တစပ် တည်း ဖြစ်ပေါ်နေတာ ဖြစ်လို့ ပြသနာကို ဖြေရှင်းရာမှာလည်း တစ်ခုတည်း ကွက်ပြီး ဖြေရှင်းလို့ မရသလို၊ တစ်ခု နှစ်ခုလောက် ဖြေရှင်းလိုက်ရုံနဲ့လည်း ပြသနာတွေ ပြေလည်မသွားနိုင်ပါဘူး။ အဓိကဖြေ ရှင်းသင့်တဲ့ ပြသနာကို မဖြေရှင်းပဲ အဖွဲ့အစည်း အစုံ အစည်းအဝေးတွေလုပ်၊ ညွှန်ကြားချက်တွေထုတ်၊ ဆေးမြီးတိုနဲ့ ကု ရုံနဲ့လည်း မပြေလည်နိုင်ပါဘူး။ အရေးကြီးတဲ့ သော့ချက် ပြသနာ အပါအဝင် အားလုံးကို တစ်ပြိုင်နက်တည်း တက်ညီလက်ညီ ဖြေရှင်းမှ ရမှာပါ။

လက်ရှိ မြန်မာကျပ်ငွေ ဖြစ်ပျက်နေပုံဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်း ငွေကြေးတန်ဘိုး အလျင်အမြန် ကျဆင်းနေပုံမျိုးနဲ့ အတော်လေး ဆင်တူပါတယ်။ အဲဒီအချိန်တုန်းက ဒေါ်လာ အပါအဝင်နိုင်ငံခြားငွေတွေ နဲ့ နှိုင်းယှဉ်ရင် မြန်မာကျပ်ငွေ ဆက်တိုက် ကျဆင်းနေတာမို့ ဘယ်သူကမှ ကျပ်ငွေအပေါ် အယုံအကြည် မရှိတဲ့ ကာလ လည်းဖြစ်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အစိုးရ ဘတ်ဂျက် လိုငွေတွေ ကိုငွေစက္ကူ ရိုက်ထုတ်ပြီး ဖြေရှင်းခဲ့တယ်လို့ အဲဒီအချိန်က ဘဏ္ဍာရေးဝန်ကြီးကိုယ်တိုင် သူ့ ဝန်ကြီးဌာန အရာရှိတွေကို ပြောခဲ့ဖူးတာပါ။

ကျပ်ငွေ တန်ဘိုးတည်ငြိမ်မှု မရှိ၊ ကျဆင်းနေတော့ ပြည်သူတွေဟာ ရွှေ၊ ဒေါ်လာ၊ ကား၊ အိမ်ခြံမြေ စုဆောင်း ရောင်းဝယ်တာမျိုး လုပ်ကြပါတယ်။ ဒေါ်လာငွေစက္ကူ နည်းနည်းပါးပါး မိတာနဲ့ထောင် ချလို့ ရတဲ့ ခေတ်မှာ ပြည်သူတွေဟာ ဒေါ်လာကိုပဲ ခိုးကြောင်ခိုးဝှက် စုဆောင်းကြသလို၊ အာဏာပိုင် အသိုင်းအဝိုင်းကလည်း ဒေါ်လာနဲ့ ရွှေချောင်းတွေကိုပဲ စုကြတာပါ။ အခု လက်ရှိ အဲဒီခေတ် အခြေအနေ နီးနီးလောက် ပြန်ရောက်နေပါပြီ။ ပြည်သူတွေဟာ ကျပ်ငွေကို မယုံကြည်တာကြောင့် စုဆောင်းငွေအဖြစ် မထားလိုကြတော့ပါဘူး။ ဘဏ်မှာ သွားထည့်ထားရင်လည်း ရမယ့် အတိုးဟာငွေကြေးဖေါင်း ပွမှုကို မကာမိတာကြောင့် ဘယ်သူမှ သွားမထားချင်ကြပါဘူး။

အဲလို အခြေအနေကို အမြတ်ထုတ်သူတွေကတော့ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ မှောင်ခို ရောင်းဝယ်ကြသူတွေပါ။ အရင်ခေတ်က မှောင်ခိုသမားတွေဟာ မှောင်ခိုသမားစစ်စစ်တွေပဲ ဖြစ်ပြီး ဒီကနေ့ခေတ်ဒေါ်လာနဲ့ နိုင်ငံခြားငွေ တရားမဝင် အကြီးအကျယ် ရောင်းဝယ်နေသူတွေထဲမှာ ပုဂ္ဂလိက ဘဏ်တစ်ချို့တောင် ပါတယ်ဆိုပြီး ပြောဆိုတာတောင် ရှိနေပါတယ်။ တစ်ပြိုင်နက်တည်း အဲဒီ တရားမဝင်ငွေကြေး ရောင်းဝယ်သူတွေ လုပ်တာကတော့ ငွေကြေးဈေးကွက် မတည်ငြိမ်အောင် လုပ်တာပါ။ ငွေကြေးဈေးကွက် မတည်ငြိမ်မှ၊ အပြောင်းအလဲ အလှုပ်အရမ်းများမှ သူတို့တွေ တွက်ခြေကိုက် အမြတ်ပိုထွက်လို့ ဖြစ်ပါတယ်။

ဒါကြောင့်အဲလို အခြေအနေမှာ နိုင်ငံခြားငွေတန်ဘိုးကို ဗဟိုဘဏ်က ဘယ်လိုပဲ ရည်ညွှန်း အဖြစ် သတ်မှတ်သတ်မှတ်၊ ပြင်ပ မှောင်ခို ရောင်းဝယ်သူတွေကတော့ ဈေးနှုန်း မတူအောင် သတ်မှတ်ရောင်း ဝယ်တာမျိုး လုပ်ကြပါတယ်။ တစ်ခါတစ်ရံ ဗဟိုဘဏ် သတ်မှတ်နှုန်းထားထက် မြှင့်ပြီး သတ်မှတ်ရောင်းဝယ်ကြသလို၊ တစ်ခါတစ်ရံ ဗဟိုဘဏ်နှုန်းထားအောက် နှိမ့်ပြီး ရောင်းဝယ် တတ်ကြပါတယ်။ ဒီလို ဈေးနှုန်း မတူအောင် သတ်မှတ်ထားပါမှ သူတို့ဆီမှာ ပြည်သူတွေက ငွေလာလဲကြမှာမို့ ဖြစ်ပါတယ်။ ထူးခြားတာကတော့ အာဏာပိုင်တွေဟာ အဲဒီ ငွေကြေးမှောင်ခို ရောင်းဝယ်နေတဲ့ လက်ကား သမားကြီးတွေကို တစ်စုံတစ်ရာ အရေးမယူခြင်းပါပဲ။

မြန်မာကျပ်ငွေ တန်ဘိုး မတည်ငြိမ်တဲ့အခါ ပြည်တွင်းက ကုန်ပစ္စည်းရောင်းချသူတွေ၊ ဝန်ဆောင်မှု လုပ်သူတွေ အားလုံးလိုလိုလောက်ကလည်း သူတို့ ကုန်ပစ္စည်းတန်ဘိုး ကိုဒေါ်လာနဲ့ဈေးနှုန်းသတ်မှတ် တာတွေ လုပ်ကြပါတော့တယ်။ လက်ရှိ ကွန်ပျူတာ အီလက်ထရောနစ် ဆိုင်တွေ၊ ကားအရောင်းပြခန်းတွေ၊ လေယာဉ် လက်မှတ် အရောင်းဌာန တွေ၊ ဟော်တယ်တွေ အားလုံးလိုလိုလောက်ဟာ တရားဝင်ဒေါ်လာဈေးနှုန်း သတ်မှတ် ရောင်းဝယ်နေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ခုလို ဗဟိုဘဏ်က အရေးယူမယ်လို့ ကြေငြာလိုက်တဲ့အခါ သူတို့ လုပ်တဲ့ ထူးခြားချက်ကတော့ဒေါ်လာ နဲ့ဈေးနှုန်းသတ်မှတ်ပေမယ့် ဒေါ်လာပေးရင် မရောင်းတော့ပါဘူး။ သူတို့ စိတ်ကြိုက် သတ်မှတ်ထားတဲ့ ကျပ်ငွေနဲ့ပဲ ရောင်းပါတော့တယ်။ ပြောရရင် ပြည်သူတွေအတွက် မိအေး နှစ်ခါနာ ဖြစ်စေတာပါ။

တကယ်တော့ လက်ရှိ ကျပ်ငွေတန်ဘိုး ပြသနာမှာ ဗဟိုဘဏ် လုပ်ရမှာက ကျပ်ငွေ တန်ဘိုး ဆက်မတက်တော့ပဲ နှုန်းထားတစ်ခုမှာ တည်ငြိမ်နေစေဖို့ နဲ့ မှောင်ခိုဈေးကွက် ပပျောက်ရေး ဖြစ်ပါတယ်။ အဲဒီအတွက် အစိုးရဘတ်ဂျက်ကို ပြန်ထိန်းညှိတာ၊ ကုန်သွယ်မှု လိုငွေ ပြတာကို ဖြေရှင်းတာနဲ့ မှောင်ခို နှိမ်နင်းတာတွေ လုပ်ဖို့ပဲ ဖြစ်ပါတယ်။ လုပ်ငန်းတွေက ဒေါ်လာနဲ့ တန်ဘိုးသတ်မှတ်ရောင်းဝယ် တာကို ကိုင်တွယ်ဖို့ဟာ နောက်ဆုံး အဆင့်ကျမှပါ။ တကယ်လို့ မြန်မာကျပ်ငွေ တန်ဘိုး တည်ငြိမ်နေမယ် ဆိုရင် ဘယ်သူကမှ နိုင်ငံခြားငွေနဲ့ ဈေးနှုန်း သတ်မှတ်ကြမှာ မဟုတ်ပါကြောင်း ၊ပြသနာ ကိုဆေးမြီးတိုနဲ့ ကုလို့ မပျောက်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags