ကြာစေ့လေးတွေ စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

ကြာစေ့လေးတွေ စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

မိုး တွေရွာလာပြီဆိုရင် ကန်တွေထဲမှာပေါက်နေတဲ့ ကြာတွေလည်း တဖြည်းဖြည်းနဲ့ ရှင်သန်ကြီးထွားလာပါတယ်။ ကြာပင်တွေရှင်သန်ကြီးထွားလာမှုက မြင်ရတဲ့သူတွေအတွက် စိတ်အေးချမ်းမှုကိုပေးနိုင်သလို ကြာပင်က ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ပေးပါသေးတယ်။ကြာပင်ရဲ့ ကြာရိုး၊ကြာစွယ်နဲ့ ကြာစေ့တွေကို စားသုံးလို့ရပါတယ်။ အခုတစ်ခေါက်ကတော့ ကလေးလေးတွေကစလို့ လူကြီးတွေအထိ ကြိုက်နှစ်သက်ကြတဲ့ ကြာစေ့လေးတွေအကြောင်းကို ပြောပြပေးချင်တာပါ။ ကြာစေ့လေးတွေကို အစိမ်းလိုက်စားသုံးလို့ရသလို ဟင်းချက်ပြီးတော့လည်း စားသုံးလို့ရပါတယ်။ တရုတ်လူမျိုးတွေနဲ့ဂျပန်လူမျိုးတွေရဲ့ ရိုးရာဟင်းလျာတွေထဲမှာ ကြာစေ့၊ကြာစွယ်၊ကြာရိုး နဲ့ ကြာရွက်တို့ကို ထည့်သွင်းချက်ပြုတ်စားသုံးကြပါတယ်။

ကြာစေ့မှာ ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေတာလဲ

ကြာစေ့ဆိုတာက ကြာပန်းအလယ်ပိုင်းက ဝတ်ဆံလေးတွေရင့်မာသွားတာဖြစ်ပြီး အပြင်ခွံစိမ်းစိမ်းလေး နဲ့ အတွင်းကအဆံလေးကတော့ ဖြူဖြူလေးပါ။ ကြာစေ့ကိုစားတဲ့အခါ ဖန်တွန့်တွန့် အရသာရှိတဲ့ အပြင်ခွံစိမ်းစိမ်းလေးကိုဖယ်ပြီး အတွင်းက အဆံဖြူဖြူလေးကိုစားရတာပါ။ နုလေချိုလေအရသာရှိလေပါပဲ။

ကြာစေ့မှာ phosphorus၊ ပရိုတင်း၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ကြွယ်ဝပါတယ်။ ဒါတွေတင်မကပါဘူး။ ကြာစေ့လေးတွေမှာ ဇင့်နဲ့သံဓာတ်တို့လည်းကြွယ်ဝစွာပါဝင်နေပါသေးတယ်။ ကြာစေ့လေးတွေမှာ အချိုဓာတ်၊အငန်ဓာတ်၊ ကိုလက်စထရော နဲ့ ပြည့်ဝဆီတွေက မပါသလောက်ကိုနည်းပါတယ်။ ကြာစေ့ တစ်အောင်စ စာမှာကယ်လိုရီပမာဏက ၉၄.၃ ရာခိုင်နှုန်းလောက်ပဲ ပါဝင်တာပါ။

ကြာစေ့စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

ကြာစေ့လေးတွေထဲမှာ  L-isoaspartyl methyltransferase လို့ခေါ်တဲ့ အရွယ်တင်စေနိုင်တဲ့ အင်ဇိုင်းပါဝင်တာကြောင့် အသားအရေလှပစေဖို့အတွက် အထောက်အကူဖြစ်စေမယ့် သဘာဝအစားအစာတစ်မျိုးပေါ့။ အသားအရေကိုတင်းရင်းလှပနေစေမယ့်အပြင်  ဖလေဗာနွိုက်ပါဝင်မှုကြောင့် အရေပြားမှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကတော့ အသားအရေအတွက် ကြာစေ့လေးကနေရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပါ။

စားသုံးလို့အရသာရှိတဲ့ ကြာစေ့လေးတွေက ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်တဲ့ ကျောက်ကပ်ကိုလည်း ကျန်းမာစေနိုင်ပြီး ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေနိုင်ပါတယ်။ သရက်ရွက်ကျန်းမာစေဖို့အတွက်လည်း ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းလျှောတာကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။ ဝမ်းလျှောနေသူတွေအနေနဲ့ ကြာစေ့လေးတွေကို ဆန်ပြုတ်ထဲထည့်ပြုတ်ပြီး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကို အားပြည့်စေမယ့်အပြင် ဝမ်းလျှောတာကို သက်သာစေနိုင်စွမ်းရှိပါတယ်။

ကြာစေ့ကို စားသုံးပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်တာကြောင့် ညဘက်အိပ်မပျော်တဲ့သူတွေအနေနဲ့ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ ကြာစေ့က သဘာဝ အိပ်ဆေးတစ်မျိုးပါ။ အာရုံကြောတွေကိုလည်း ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။  သွေးတိုးရောဂါရှိသူတွေအနေနဲ့ ကြာစေ့ကို အထဲကအဆံစိမ်းလေးမဖယ်ဘဲ စားသုံးပေးမယ်ဆိုရင် သွေးတိုးကျစေမှာဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ သွေးကြောတွေနဲ့နှလုံးကိုပါ ကျန်းမာစေမှာ အသေအချာပါ။

ဆီးအောင့်တာ၊ ဆီးကျဉ်တာလိုမျိုး ဆီးနဲ့ဆိုင်တဲ့ဝေဒနာတွေသက်သာစေဖို့အတွက် ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။ သွားနဲ့သွားဖုံးတွေမှာ အနာဖြစ်နေခဲ့ရင်လည်း ကြာစေ့လေးတွေကို စားသုံးပေးပါက တစ်ရှုးတွေကို အသစ်ဖြစ်ပေါ်စေပြီး အနာတွေကို သက်သာစေမှာပါ။

ကြာစေ့လေးတွေမှာ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုးတက်ကောင်းမွန်စေနိုင်သလို ခန္ဓာကိုယ်အတွက်လည်း ပြည့်ဝတဲ့ အာဟာရကိုရရှိစေမှာပါ။ နှလုံးကိုကျန်းမာစေနိုင်တဲ့ folate ပါဝင်တာကြောင့် နှလုံးရောဂါကင်းဝေးချင်သူတွေ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ ကိုယ်အလေးချိန်ကျချင်သူတွေအနေနဲ့လည်း အဆီနဲ့ ကယ်လ်လိုရီပါဝင်မှုနည်းတဲ့ ကြာစေ့လေးတွေကို သရေစာအစားစားသုံးပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးလို့ရပါတယ်။

အရေပြားမှာဖြစ်တဲ့ အနာတွေကိုသက်သာစေဖို့၊ အနာကျက်စေဖို့အတွက်လည်း ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။ မျက်နှာမှာဖြစ်တတ်တဲ့ ဝက်ခြံတွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို လျော့ပါးသက်သာစေဖို့အတွက်လည်း  ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။

အပျင်းပြေစားလို့ရသလို အရသာလည်းရှိတဲ့ ကြာစေ့လေးတွေစားရင်း အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ…

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly