အလုပ်သမားစာချုပ်ကိစ္စ ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံ ဝန်ထမ်း ၂၀၀ ကျော် ဆန္ဒပြ

အလုပ်သမားစာချုပ်ကိစ္စ ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံ ဝန်ထမ်း ၂၀၀ ကျော် ဆန္ဒပြ

မန္တလေး၊ ဇူလိုင် ၂၉။        ။ နိုင်ငံတော်မှ တရားဝင်ပြဋ္ဌာန်းထားသည့် အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် သဘောထားပါဝင်သော EC စာချုပ်ဖြင့်သာ စာချုပ် ချုပ်ဆိုလိုကြောင်း မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံမှ အလုပ်သမား ၂၀၀ ကျော်က ဆန္ဒပြတောင်းဆိုလိုက်သည်။

ပလိပ်ချည်မျှင်နှင့် အထည်စက်ရုံဟု လူသိများသော ပန်ဒါချည်မျှင်နှင့် အထည်စက်ရုံတွင် EC စာချုပ် ချုပ်ဆိုရန် အလုပ် သမား ၄၀၀ ကျော် ကျန်ရှိနေပြီး စာချုပ်ပါ ၂၈ ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် ဇူလိုင်လ ၂၉ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ EC စာချုပ်ချုပ်ဆိုရန် ကျန်ရှိနေသော အလုပ်သမားများအား စာချုပ် လာရောက်ချုပ်ဆိုကြဖို့နှင့် ပျက်ကွက်ပါက အလုပ်မှ ထုတ်ပစ်မည်ဟု ပန်ဒါ ချည်မျှင်နှင့် အထည်စက်ရုံမှ ကြေညာခဲ့ပြီးနောက် ထိုသို့ ထုတ်ပြန်ခြင်းမှာ ဥပဒေနှင့် မညီညွတ်ဟု ဆန္ဒပြသူများက ဆိုသည်။

“ EC စာချုပ် မချုပ်ရင် အလုပ်ထုတ်ရမယ်ဆိုတဲ့ ဥပဒေတွေ မရှိပါဘူး၊ လုပ်ငန်းခွင်ဝင်ပြီး ၃လအတွင်း EC စာချုပ် ချုပ်ဆိုရမယ် ဆိုတာကလဲ အလုပ်ရှင် အလုပ်သမား နှစ်ဖက် ညှိနှုှိင်းပြီး သဘောတူညီမှု ရမှာသာလျှင် ချုပ်ဆို ရမှာဖြစ်တယ်။ ၂၈ ချက်ပါ စာချုပ်ထဲက အကြောင်းအရာတွေကို ပြည့်ပြည့်ဝဝ အကောင်အထည် ဖော်ပေးတာမရှိဘူး၊ ၂၈ ချက်ထဲက အကြောင်းအရာတွေနဲ့ သွေဖယ်တဲ့ အချက်တွေနဲ့ EC စာချုပ် ချုပ်ခိုင်းလို့ ဒီနေ့ ဆန္ဒဖော်ထုတ်ရတာပါ”  ဟု အမှတ် (၂) အထည်စက်ရုံ ပလိပ် အခြေခံအလုပ်သမားအဖွဲ့အစည်း (၁) အတွင်းရေးမှူး ဒေါ်ဇာခြည်ဝင်းက မဇ္ဈိမသို့ ပြောသည်။

ဆန္ဒပြရာတွင် အလုပ်မှ ထုတ်ပယ်ထားသော ဝန်ထမ်းများ ပြန်လည် ခန့်ထားပေးရေး၊ ဥပဒေမဲ့ လုပ်ရပ်များအား အလုပ်ရှင်မှ အမြန်ဆုံး ရပ်တန့်ရေး၊ ဥပဒေ ချိုးဖောက်နေသော အလုပ်ရှင်အား အလုပ်သမားဝန်ကြီးဌာနမှ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရေး၊ လွှဲပြောင်းခံ နိုင်ငံဝန်ထမ်းဟောင်းများ၏ လုပ်ငန်းခွင် အာမခံချက် ရရှိရေး၊ စာချုပ်များကို အကြိမ်ကြိမ် ချိုးဖောက်သော ပန်ဒါကုမ္ပဏီ (အလိုမရှိ)၊ ဥပဒေ ချိုးဖောက်သော ပန်ဒါကုမ္မဏီ (အလိုမရှိ) စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုဆန္ဒပြခဲ့သည်။

ဆန္ဒပြတောင်းဆိုမှုများနှင့် ပတ်သက်၍ ပန်ဒါ ချည်မျှင် နှင့် အထည်စက်ရုံ တာဝန်ရှိသူကမူ EC စာချူပ် ချူပ်ဆိုခြင်း မရှိသည့် အလုပ်ရှင်များအနေဖြင့် အရေးယူခံရမှုရှိနေသောကြောင့် ချုပ်ဆိုကြဖို့ လိုအပ်ပြီး ဆန္ဒပြသူများ အနေဖြင့် နားလည်မှု လွဲမှားနေသည်ဟု ဆိုသည်။

“ အလုပ်သမားတွေကို နားလည်အောင် ရှင်းပြပြီး စာချုပ်ချုပ်ဖို့ ဆောင်ရွက်နေတာ ၆ လလောက်ရှိပါပြီ။ လုပ်ငန်းတစ်ခုထဲ တစ်မိုးအောက်ထဲ အလုပ်လုပ်တဲ့ အလုပ်သမားတွေ တန်းတူညီတူ အခွင့်အရေးရရှိပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ စာချုပ်ချုပ်ဖို့ စီစဉ်ဖြစ်တာပါ၊ သူတို့ ပြောတဲ့ စာချုပ် ချိုးဖောက်တယ် မဖောက်ဘူးဆိုတာ သက်ဆိုင်ရာ အလုပ်သမားဌာနကို မေးမြန်းနိုင်ပါတယ်။ အဲဒီဆန္ဒပြတဲ့အထဲမှာ တချို့အလုပ်သမားတွေက နားမလည်ဘဲ ပါဝင်နေတာ တွေ့ရပါတယ်။” ဟု ပန်ဒါ ချည်မျှင်နှင့် အထည်စက်ရုံ အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရွှေက ပြောသည်။

အမှတ် (၂) ချည်မျှင်အထည် နှင့် အချောကိုင်စက်ရုံသည် ၂၀၁၃ ခုနှစ် ဧပြီလက ပန်ဒါကုမ္မဏီကို ငှားရမ်းပေးခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့တွင် လျော်ကြေး ပင်စင်ပေး၍ အဆိုပါ စက်ရုံမှ ဝန်ထမ်းများသည် အစိုးရ ဝန်ထမ်းဘဝမှ ပုဂ္ဂလိက ဝန်ထမ်းဘဝသို့ ပြောင်းလဲခဲ့ပြီး နောက်ပိုင်း အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခများ၊ ပြဿနာများ မကြာခဏ ဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required