မုတ်သုံလေ ဆက်လက်အားကောင်း၍ မိုးကြီးပြီး မြစ်ရေမြင့်တက်နိုင်

မုတ်သုံလေ ဆက်လက်အားကောင်း၍ မိုးကြီးပြီး မြစ်ရေမြင့်တက်နိုင်

ရန်ကုန် ဇူလိုင် ၂၉ ။           ။ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခြင်းနှင့် နေရာကွက်၍ မိုးကြီးနိုင်ပြီး စိုးရိမ်ရေ အမှတ်ထက်ကျော်လွန်ကာ   မြစ်ရေမြင့်တက်နိုင်မှုများဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒက ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားသည်။

ယနေ့ တိုင်းထွာချက်အရ တောင်ငူတွင် စစ်တောင်း မြစ်ရေသည် စိုးရိမ်ရေအမှတ် သုညမျက်နှာပြင် ထက် ၆၀၀ စင်တီမီတာ၊ မြစ်ရေမျက်နှာပြင် ၁၂ စင်တီမီတာ၊ မဒေါက်တွင် စိုးရိမ်ရေအမှတ်သုည မျက်နှာပြင်ထက် ၁၀၇၀ စင်တီမီတာ၊ မြစ်ရေမျက်နှာပြင် ၁၆ စင်တီမီတာ၊ ရွှေကျင်၊ ပဲခူး၊ ဘားအံ နှင့် ဘီလင်းမြို့တို့တွင်လည်း စိုးရိမ်ရေအမှတ်ထက် မြစ်ရေ မြင့်တက်နိုင်ကြောင်း သိရသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအား အသင့်အတင့်ရှိနေကြောင်း ထုတ်ပြန်ထားသည်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ မုတ်သုံလေ ဆက်လက်အားကောင်းနိုင်ကြောင်းလည်း သိရသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်   တောင်ပိုင်း)နှင့် ချင်းပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

မြန်မာ့ ပင်လယ်ပြင်တွင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။

မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိကာ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၁၀)ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၈)ပေခန့် ရှိနိုင်ကြောင်း သိရသည်။ ထို့ပြင် နောက်(၂)ရက်အတွင်း မုတ်သုံလေအား ကောင်းမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတဝှမ်းတွင် ယခုနှစ် မိုးတွင်းမုတ်သုံမိုးဦး အစမှာပင် မုတ်သုံလေအား အလွန်ကောင်းနေပြီး နောက်သီတင်းပတ်များ အထိ လေပြင်းတိုက်ခတ် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်နိုင်သည့်အတွက် စိုးရိမ်ရေမှတ် အထိ ကျော်လွန်ကာ မြစ်ရေလျှံနေသည့် ဒေသခံများ အထူးသတိထားရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန် ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကလည်း သတိပေးထားသည်။

လက်ရှိအနေအထားတွင် ကမ်းရိုးတန်းဒေသများ ဖြစ်သည့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးတို့နှင့် ဧရာဝတီတိုင်းတို့ တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၂၈ ရက်နေ့အထိ ရေဘေးသင့်ပြည်သူ (၈၀၂၀) ဦးအထိ ရှိလာကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားသည်။

ပဲခူးမြစ်ရေသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆက်လက်မြင့်တက်နေပြီး ဇူလိုင်လ ၂၇ ရက် နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်များ အရ ၉၄၉ စင်တီမီတာသို့ ရောက်ရှိနေကြောင်း မိုး/ဇလမှတ်တမ်းများအရ သိရသည်။

ပဲခူးမြစ်ရေ မြင့်တက်နေမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၂ဝ ခုအထိ ဖွင့်လှစ်ထားရပြီး ရေဘေးဒုက္ခ ရင်ဆိုင်နေရသည့် အိမ်ထောင်စု ၂၅ဝဝ ခန့်မှ လူဦးရေ ၁၅ဝဝဝ ခန့် ရေဘေးလွတ်ရာကို ပြောင်းရွေ့ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required