ပခုက္ကူ၊ ဇူလိုင်၂၈ ။ ။ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ကံသာကျေးရွာတွင် ဇူလိုင်လ ၂၇ရက်နေ့က တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး မှတ်ပုံတင်ပြုလုပ်ရာတွင်အဆင်မပြေသဖြင့် အဆိပ်သောက်သေဆုံးခဲ့မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
"ဆယ်တန်း စာမေးပွဲ ဖောင်တင်ဖို့ ၂၆ရက်နေ့က မှတ်ပုံတင်သွားလုပ်တာ။ကျောင်းက ထောက်ခံစာနဲ့ အိမ်ထောင်စု စာရင်းမှာ ဖခင်ဖြစ်သူအမည်က ကွဲလွဲနေတော့ ပြန်လွှတ်တယ်။ ပြီးတော့ တာဝန်ရှိသူတစ်ဦးက ထောက်ခံချက်ပြန်လုပ်ခိုင်းတယ်။ အနည်းဆုံး ၇လလောက်ကြာမယ်လို့လည်းပြောတယ်။ အဲ့ဒီကနေ ၁၀တန်းဖြေခွင့်မရမှာကြောက်ပြီး တစ်ညလုံးငိုနေတာ။ နောက်နေ့မနက်မှာ အိပ်ခန်းထဲ မှာ အဆိပ်သောက်သေဆုံးနေတာ တွေ့ရတာပဲ"ဟု သေဆုံးသူမိခင်က ပြောသည်။
မှတ်ပုံတင်ပြုလုပ်ရန် ဖခင်အမည် ၂ မျိုးကွဲလွဲနေ၍ အဆင်မပြေသဖြင့် စိတ်ဓါတ်ကျကာ အဆိပ်သောက်သေဆုံးခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများအရသိရသည်။
"သူက ဆယ်တန်းမဖြေရမှာ အရမ်းကြောက်နေတာ။ ပညာတွေသင်လာပြီး ဆယ်တန်းကြမှ မှတ်ပုံတင်မရှိလို့ မဖြေရဘူးဆိုပြီး မသေခင်က တစ်ညလုံးငိုနေတာ"ဟု မိခင်ဖြစ်သူက ဆိုသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ထီးလင်းမြို့နယ် ဆေးမင်တောရဲစခန်းတွင် သေမှုသေခင်းအမှတ် ၃/၂၀၁၈ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။