ကျောင်းမုန့်စျေးတန်းအများစုမှာ ကလေးများကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ဖြစ်နေ

ကျောင်းမုန့်စျေးတန်းအများစုမှာ ကလေးများကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ဖြစ်နေ

ရန်ကုန်၊ ဇူလိုင်လ ၂၈ ။         ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းအချို့မှ မုန့်ဈေးတန်းအများစုမှာ ကလေးများ၏ ကျန်းမာ ရေးအတွက် စိုးရိမ်ရသည့် အနေအထားရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၄ ခုမှ အခြေခံပညာစာသင်ကျောင်း ၁၆ ကျောင်း၏ မုန့်ဈေးတန်းများကို စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က၂ဝ၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် သုတေသနပြုလုပ်ခဲ့ပြီး  ကလေးများ၏ ကျန်းမာရေးအတွက် စိုးရိမ်ရသည်ဟု ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ သုတေသနစစ်တမ်းနှင့် ပတ်သက်၍ စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဇူလိုင်လ ၂၈ ရက်နေ့တွင် အင်းစိန်မြို့နယ်ရှိ အ.ထ.က. (၆) တွင်ရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

“ တွေ့ရှိချက်အဖြေကတော့ ကျောင်းမုန့်ဈေးတန်းတွေလို့ပြောမယ်ဆိုတာထက် ကျောင်းစားသောက်ဆိုင် တန်းလို့ ကျွန်တော်ပြောချင်တယ်။ စားသောက်ဆိုင်တွေရှိနေခြင်းသည် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အခြေအနေ တွေ အရမ်းကြီးပေးမနေဘူး။ အများစုကတော့ ညစ်ပတ်တယ်ပေါ့နော်။ ကလေးတွေအကုန်လုံးကလည်း ပြောကြတယ်။ ညစ်ပတ်တယ်ဆိုတဲ့ အခြေအနေမျိုးတွေ ပြန်ရှိနေကြတယ်။ နောက် ကျောင်းမုန့်ဈေးတန်းမှာ ရှိနေတဲ့ အင်္ဂါရပ်တွေပေါ့။ ဥပမာအားဖြင့် အိမ်သာနဲ့ ဝေးရမယ်။ လက်ဆေးဖို့နေရာတွေ ရှိရမယ်။ အဲ့ဒါမျိုးတွေ ရှိမနေဘူး”ဟု သုတေသနစစ်တမ်းပြုလုပ်ခဲ့သည့် စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ အတိုင် ပင်ခံပညာရှင် ဦးအောင်မြတ်ခိုင်က ပြောသည်။

အဆိုပါ စစ်တမ်းနှင့် ပတ်သက်၍ အချက်အလက်ကောက်ယူသည့်အဖွဲ့သည် ကျောင်းပေါင်း ၁၆ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ ၃၂ ကြိမ်အထိပြုလုပ်ခဲ့ပြီး ကျောင်းသားဦးရေ ၃၂ဝ အထိ ပါဝင်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဆရာ၊ ဆရာမ ၄၈ ဦးနှင့် ကျောင်းဈေးတန်းတွင် ဈေးရောင်းချသူ ၄၈ တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး အသေးစိတ်မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်မြတ်ခိုင်ပြောပြချက်အရ သိရသည်။

ယနေ့ ဇူလိုင်လ ၂၈ နေ့တွင် ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲတွင်လည်း ကျောင်းသားအများစုက အပြန်အလှန်ထပ်မံ ဆွေးနွေးခဲ့ရာတွင် ကျောင်းဈေးတန်းရှိဈေးသည်အချို့မှာ ယင်နားစာအသုတ်များအား လက်အိတ်ဖြင့် နယ်ခြင်း မရှိ သည့်အပြင် တံဆိပ်မပါသည့် အချိုရည်များ၊ ခေါက်ဆွဲခြောက်များ ရောင်းချနေမှုများရှိခြင်း၊ ရက်လွန် အစားအစာများရောင်းချမှုများရှိခြင်း၊ စားသောက်ဆိုင်နှင့် အိမ်သာများမှာ နီးကပ်နေပြီး လက်ဆေးရန် ရေစင်များမရှိကြောင်း၊ မုန့်စားဆင်းချိန်များမှာ အချိန်နည်းသည့်အတွက် အစားအသောက်များအား ရွေးချယ်ရန် အချိန်မရှိကြောင်းများကို ပြောဆိုဆွေးနွေးခဲ့ကြသည်။

“ ကလေးတွေက ပိုမှန်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေဆိုတာကတော့ ကိုယ့်ကျောင်းရဲ့ သိက္ခာ၊ ကိုယ့်ပညာရေးရဲ့သိက္ခာတွေကို ထိန်းသိမ်းရသေးတာကို ဒီတော့ အကုန်လုံးသွားပြောရင်လည်း မဖြစ်နိုင်ဘူးလေ။ ထို့အတူပဲ နိုင်ငံတော်ချည်းပဲလည်း သွားအားကိုးလို့မဖြစ်ဘူး။ ကျောင်းမိသားစုတွေရှိတယ်။ ကျောင်းအကျိုးတော်ဆောင်တွေရှိတယ်။ မိဘဆရာအသင်းတွေရှိတယ်။ သူတို့သားသမီးတွေကိုယ်တိုင် ရှိတာပဲ ။သူတို့နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ရင်တော့ ပိုအောင်မြင်မယ်လို့ ယူဆပါတယ်။ နောက်ပိုင်းတော့ အစိုးရက သူလုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေ လုပ်ပေးနေမှာပါ ”ဟု အင်းစိန်မြို့နယ် အ.ထ.က(၆) မှတာဝန်ခံကျောင်းအုပ်ကြီး ဦးသိန်းနိုင်က ပြောသည်။

အဆိုပါ ကျောင်းသူ၊ ကျောင်းသားများ၏ ကျန်းမာရေးအပေါ်အထောက်အကူမပြုသည့် အစားအစာများနှင့် ကျန်းမာရေးကို ထိခိုက်စေသည့် စားသောက်ကုန်များရောင်းချနေမှုများ၊ သန့်ရှင်းမှုများအခြေအနေနှင့် ပတ်သက်၍ စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပညာပေးမှုများအား ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရရှိထားသည့် သုတေသနစစ်တမ်းများအကြောင်းကိုလည်း ယခုလက်ရှိတွင် ဆရာ၊ ဆရာများအား ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်ပြီး လာမည့် ၂ လအတွင်း သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့်တွေ့ဆုံရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၄ သန်းခေါင်စာရင်းအရ ရန်ကုန်မြို့၏ စုစုပေါင်း လူဦးရေမှာ ၇ သန်းကျော်(၇၃၆ဝ၇ဝ၃) အထိရှိပြီး အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းနေ အရွယ်ကလေးငယ်မှာ ၈ သိန်းကျော်( ၈၈၅၆၃၃) ဦးရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly