မြန်မာနိုင်ငံတွင် လူဦးရေ ၃သန်း ဘီပိုးဖြစ်နေကြောင်း ဒေါက်တာဇော်မြင့်မောင် ပြောကြား

မြန်မာနိုင်ငံတွင် လူဦးရေ ၃သန်း ဘီပိုးဖြစ်နေကြောင်း ဒေါက်တာဇော်မြင့်မောင် ပြောကြား
ဓာတ်ပုံ ဘိုဘို မဇ္ဈိမ

 

မြန်မာနိုင်ငံတွင် လူဦးရေ ၃သန်း ဘီပိုးဖြစ်နေပြီး လူဦးရေတစ်သန်း စီပိုးဖြစ်နေကြောင်း မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

MyanmarFoundation For Liver Health (MyLiv) နှင့် မြန်မာနိုင်ငံအစာအိမ်၊အူလမ်းကြောင်းနှင့် အသည်းအထူးကုဆရာဝန်များအဖွဲ့(MGLS)တို့ပူးပေါင်း၍ မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ (၂၆) လမ်းနှင့် (၇၁)လမ်းထောင့်ရှိ မန္တလေးမြို့တော်ခန်းမ(၁)တွင် (၂၀၁၈)ခုနှစ် ဇူလိုင်(၂၈)ရက် နံနက် (၉)နာရီက ကမ္ဘာ့အသည်းရောင်ရောဂါနေ့အထိမ်းအမှတ် ဟောပြောပွဲကိုကျင်းပခဲ့ပြီး အဆိုပါပွဲတွင် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အသည်းရောင်ရောဂါနေ့အထိမ်းအမှတ် ဟောပြောပွဲသို့မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ Myanmar Foundation For Liver Health (MyLiv) နှင့် မြန်မာနိုင်ငံအစာအိမ်၊အူလမ်းကြောင်းနှင့်အသည်းအထူးကုဆရာဝန်များအဖွဲ့နှင့် စိတ်ဝင်စားသူများ တက်ရောက်ခဲ့သည်။

'' အသည်းရောင် အသားဝါရောဂါက အဓိကအားဖြင့် ဘီပိုးနဲ့စီပိုးကြောင့်ဖြစ်တာပါ။ဒီပိုးတွေကနေ ကင်ဆာဖြစ်နိုင်ပါတယ်။အရင်တုန်းကကင်ဆာဖြစ်ပြီးဆိုရင် မျှော်လင့်ချက်ကင်းမဲ့တဲ့ အချိန်ပါ။ ဒီနေ့ကမ္ဘာကြီးမှာ (၃၂၅)သန်းလောက်က အသည်းရောင်အသားဝါဖြစ်နေကြတယ်။လူဦးရေ ၁ ဒသမ ၃၄ သန်း သေဆုံးနေရတယ်။ သေနှုန်းများတော့အရေးတယူပြုရမယ့် ရောဂါပါ။မြန်မာနိုင်ငံမှာဘီပိုးက လူဦးရေသုံးသန်း၊ စီပိုးက လူဦးရေတစ်သန်းလောက်ဖြစ်နေတယ်။သတိထားသင့်နေပါပြီ'' ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ကမ္ဘာ့အသည်းရောင်ရောဂါနေ့အထိမ်းအမှတ် ဟောပြောပွဲတွင် မန္တလေးပြည်သူ့ဆေးရုံကြီးမှ အသည်း ရောဂါပညာဌာန ဌာနမှူးပါမောက္ခဒေါက်တာညိုမီခိုင်သန်းလှိုင်၊မန္တလေးပြည်သူ့ဆေးရုံကြီး အစာအိမ်၊ အူလမ်းကြောင်း အထူးကုဌာနမှဌာနမှူးပါမောက္ခ ဒေါက်တာနွယ်နီ၊ မန္တလေးပြည်သူ့ ဆေးရုံကြီး ခွဲစိတ်ကုပညာဌာနမှဌာနမှူး ဒေါက်တာရှိန်မြင့်တို့က ဟောပြောခဲ့သည်။

'' အသည်းရောင်အသားဝါရောဂါက အထူးသဖြင့်ဘီပိုး၊ စီပိုးက အသက်အန္တရာယ်ရှိပါတယ်။ နာတာရှည်ရောဂါအဖြစ်နေတယ်။ ကြာလာရင် အသည်းခြောက်တတ်တယ်။ အသည်းကင်ဆာထိ ဖြစ်တယ်။ဘာလက္ခဏမှ မပေါ်ပဲ ဖြစ်နိုင်တဲ့ အနေအထားရှိတယ်။ပြည်သူလူထုအနေနဲ့ အသည်းရောင် ရောဂါကိုသိထားရမယ်။ကာကွယ်ရမယ်။ ကုသရမယ်။ အဓိကက အဲဟာကိုပြောချင်တာပါ။ဘီပိုးက ရှိမရှိ စစ်ဆေးရမယ်။ကာကွယ်ဆေးသုံးကြိမ်ထိုးရမယ်။အဲလိုဆို ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဆေးစစ်ပြီး ကာကွယ်ဆေးထိုးကာကွယ်ပါလို့ပြောချင်တယ်။သက်ဆိုင်ရာကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ကုစေချင်တယ်။စီပိုးက ကာကွယ်ဆေးမရှိပါဘူး။အဓိကက သွေးကတစ်ဆင့်ကူးစက်တာဆိုတော့ သွေးထွက်နိုင်တဲ့ပစ္စည်းတွေကို မျှဝေမသုံးစွဲဖို့ ဥပမာ သွားတိုက်တံ၊လက်သည်းညှပ်၊ မုတ်ဆိတ် ရိတ်စက်၊ ဓား မျှဝေမသုံးစွဲဖို့၊မလိုအပ်ပဲဆေးထိုးတာ၊ ပုံမှန်မဟုတ်တဲ့နည်းနဲ့လိင်ဆက်ဆံရင် ကူးစက် နိုင်ပါတယ်။အဲလိုမလုပ်ရင် ကာကွယ်နိုင်ပါတယ်'' ဟု မန္တလေးပြည်သူ့ဆေးရုံကြီး အသည်းရောဂါ ပညာဌာနမှ ဌာနမှူးပါမောက္ခ ဒေါက်တာညိုမီခိုင်သန်းလှိုင်က ပြောသည်။

ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ်ဟောပြောပွဲတွင် တက်ရောက်လာသူ(၁၀၀၀)ခန့်အား အသည်းရောင်စီပိုး နှင့်ဘီပိုးစစ်ဆေးခြင်းကို အခမဲ့ပြုလုပ်ပေးခဲ့ပြီး ကံစမ်းမဲ ဖောက်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။

Myanmar Foundation For Liver Health (MyLiv)နှင့် မြန်မာနိုင်ငံအစာအိမ်၊အူလမ်းကြောင်းနှင့် အသည်းအထူးကုဆရာဝန်များအဖွဲ့များက အသည်းရောင် အသားဝါရောဂါအကြောင်းကို ပြည်သူ လူထုတွင် ကျယ်ကျယ်ပြန့်ပြန့်သိရှိလာနိုင်စေရန်၊ အသိပညာဗဟုသုတ မြှင့်လာစေရန်အတွက် (၂၀၁၂) ခုနှစ်မှ စတင်၍ ကမ္ဘာ့အသည်းရောင်ရောဂါနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် အသိပညာ ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required