မကွေးတွင် အခြေခံကျောင်းအဆောက်အဦများ အဆင့်မြှင့်တင်

မကွေးတွင် အခြေခံကျောင်းအဆောက်အဦများ အဆင့်မြှင့်တင်

 

မကွေး ၊ ဇူလိုင် ၂၈ ။        ။ အခြေခံပညာရေးလောက ဖွံ့ဖြိုတိုးတက်ရေးလုပ်ဆောင်ရာတွင် အစိတ်အပိုင်းတစ်ခုအဖြစ်အရေးပါသော ကျောင်း အခြေခံအဆောက်အဦများ ပြင်ဆင်ဆောက်လုပ်ခြင်း ၊ ကျောင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ၂၀၁၇-၂၀၁၈ခုနှစ် ပညာသင်နှစ်အတွင်းဆောင်ရွက်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာကာလအတွင်း ပြည်ထောင်စုဘတ်ဂျက် ကျပ်(၇၉.၃၄၅၀) သန်းဖြင့် ပညာရေးရုံး(၁၂)ရုံး ၊ ပြည်ထောင်စုဘတ်ဂျက် ကျပ်(၁၀၀၆.၁၈၆၅)သန်းဖြင့် အထက်တန်းကျောင်း(၈၉)ကျောင်း ၊ ပြည်ထောင်စုဘတ်ဂျက် ကျပ်(၁၁၂၅.၆၃၂၀)သန်းဖြင့် အလယ်တန်းကျောင်း(၁၉၅)ကျောင်း ၊ ပြည်ထောင်စုဘတ်ဂျက် ကျပ် (၂၄၆၇. ၀၂၇၂ )သန်း အသုံးပြု၍ မူလတန်းကျောင်း (၃၇၃)ကျောင်း တို့ကို ပြင်ဆင် ဆောက်လုပ်နိုင်ခဲ့သည်ဟု ဝန်ကြီးက ဆိုသည်။

“ပြောင်းလဲလာတဲ့အစိုးရသစ်ရဲ့ဆောင်ရွက်မှုအပိုင်းမှာ ကျောင်းကိုကျောင်းနဲ့တူရမယ်ဆိုတဲ့ သဘောထား မှတ်ချက်နဲ့အတူ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ၊ အန္တရာယ်ရှိတဲ့ကျောင်းဆောင်တွေ အသစ်ပြန်ဆောက်ရေး ၊ ကျောင်းသားနဲ့စာသင်ခန်း အချိုးအရ စာသင်ခန်းတွေလိုအပ်နေတဲ့ကျောင်းတွေ တည်ဆောက်ရေးတွေကို ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်ပေးတဲ့ အတွက်ကြောင့် မကွေးတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ မြို့နယ်နဲ့ကျေးလက်ဒေသတွေက ကျောင်းအဆောက်အဦးတွေ ကောင်းမွန်လာနေပါပြီ ” ဟု မကွေးတိုင်း ပညာရေးမှူးဦးအောင်မြင့်က ပြောသည်။

နေထိုင်ရာရပ်ရွာဒေသများတွင် အခြေတကျပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း နှင့် မူ/လယ်/ထက်တန်းခွဲကျောင်းများ အဆင့်တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး မကွေးခရိုင်တွင် ကျောင်းပေါင်း(၂၉၀) ကျောင်း ၊ မင်းဘူးခရိုင်တွင်(၁၇၀)ကျောင်း ၊သရက်ခရိုင်တွင် (၂၀၆) ကျောင်း၊ပခုက္ကူခရိုင်တွင်(၂၄၃)ကျောင်း ၊ဂန့်ဂေါခရိုင်တွင်(၁၀၃) ကျောင်းဖြင့်  စုစုပေါင်း ကျောင်း (၁၀၁၂) ကျောင်းကို ၂၀၁၇-၂၀၁၈ခုနှစ်အတွင်း အဆင့်တိုးမြှင့်ပေးခဲ့ကြောင်း ဝန်ကြီးဒေါက်တာခင်မောင်အေး ထံမှ သိရသည်။

ထို့အပြင်၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများ ၊ အောင်ချက်အကောင်းဆုံးကျောင်းများကို ငွေကျပ်(၂၁၇၃၅၅၀၀)ဆုချီးမြှင့်ပေးနိုင်ခဲ့ပြီး ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ (၂၅၆)ဦး ၊ အောင်ချက် အကောင်းဆုံး ကျောင်း(၃)ကျောင်းနှင့် ဘာသာရပ်သင် ဆရာ၊ဆရာမ(၂၇)ဦးတို့အား ငွေကျပ်(၃၀၃၁၇၈၀၀)  ချီးမြှင့် ပေးခဲ့ကြောင်း ပညာရေးမှတ်တမ်းများအရ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required