အေးစက်နေတဲ့ မြန်မာ့ အိမ်ခြံမြေစျေးကွက် ရွေးကောက်ပွဲအပြီး ပြန်ကောင်းဖို့ မျှော်လင့်

အေးစက်နေတဲ့ မြန်မာ့ အိမ်ခြံမြေစျေးကွက် ရွေးကောက်ပွဲအပြီး ပြန်ကောင်းဖို့ မျှော်လင့်

ရန်ကုန်၊ စက်တင်ဘာ ၄ ။            ။ မြန်မာ့အိမ်ခြံမြေ ဈေးကွက်သည် ယခု လများအတွင်း အရောင်းအဝယ် ဖြစ်ထွန်းမှုမရှိဘဲ ဈေးကွက်အေးစက်နေသည်ဟု လုပ်ငန်းရှင်များက ပြောဆိုပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီး ဈေးကွက်အလားအလား ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်လျက်ရှိနေကြသည်။

ပြည်တွင်းလုပ်ငန်းရှင်များသာမက ပြည်ပလုပ်ငန်းရှင်များသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကာလ အခြေအနေကို စောင့်ကြည့်နေကြပြီး ရွေးကောက်ပွဲ ရလဒ်ကောင်များ ထွက်ပေါ်မှသာ အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာရန် မျှော်လင့်နေခြင်းဖြစ်သည်။

"ရလာဒ်ကောင်းတွေ ထွက်ပေါ်လာပြီဆိုရင်လည်း ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာပေါ့နော် ၂၀၁၆ ကစပြီးတော့ နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေးရော အိမ်ခြံမြေလောကကြီး တစ်ခုလုံးရောပိုပြီးတော့ ပိုမိုကောင်းမွန်လာမယ်လို့ခန့်မှန်းရပါတယ်ခင်ဗျ" ဟု iMyanmarhouse.com.mm ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

အိမ်ခြံမြေ ဈေးကွက် အလားအလား မကောင်းနိုင်သေးသော်လည်း လူနေတိုက်ခန်း၊ အိမ်တို့သည် လူတို့၏ အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ခြင်းကြောင့် ဈေးကွက် ပြန်လည်ကောင်းမွန်လာရန် အိမ်ခြံမြေ အကျိုးဆောင် ဦးကြည်စိုးက မျှော်လင့်နေသည်။

"ဒါတွေက မရှိလို့ကို မရတဲ့ကိစ္စ ၊အဲဒါကြောင့် သာမန်အားဖြင့် ဆိုရင် ဘယ်လိုဖြစ်ဖြစ် အိမ်ခြံမြေဈေးကွက်က ကောင်းကိုကောင်းရမယ်။ အခုကတော့ အခိုက်အတန့်လို့ပဲပြောပါစေ" ဟု ပြောသည်။

မြန်မာ့ အိမ်ခြံမြေဈေးကွက်သို့၂၀၁၀ အလွန် နှစ်များတွင်  ပြည်ပရင်းနှီးမြုပ်နှံမှုအချို့ ဝင်ရောက်လာသော်လည်း ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် ရောင်းဝယ်မှုများ နှေးသွားခဲ့သည်။

"ဒီလိုရပ်ဆိုင်းသွားတဲ့ အနေအထားကိုတစ်ချို့ အမျိုးမျိုးသုံးသပ်ကြတာပေါ့ လေ။ရွေးကောက်ပွဲကိုပဲစောင့်ကြည့်နေတယ်။ နိုင်ငံရေးအခြေနေတွေ အလားအလာမကောင်းလို့ပဲ ဖြစ်သွားလား။ ဒါမှမဟုတ် ကျတော်တို့ငွေရေးကြေးရေးတွေ ကျပ်တည်းသွားလို့ဖြစ်လား နောက်ဆောက်လုပ်ရေးလောကဖောက်ပြန်မှုတွေရှေ့မှာ ကြုံခဲ့လို့ ဖြစ်လားနည်းမျိုးစုံနဲ့တော့ ပြောကြပါတယ်" ဟုတော်ဝင်မိသားစု ဆောက်လုပ်ရေး ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

မည်သို့ပင်ဆိုစေ မြန်မာ့ အိမ်ခြံမြေဈေးကွက်သည် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အခြေအနေများနှင့် တစ်နည်းတစ်ဖုံ ဆက်ဆက်နေပြီး စောင့်ကြည်ဆဲကာပင် ရှိနေသေးသည်။ "ဒီလိုရပ်ဆိုင်းသွားတဲ့ အနေအထားကို တစ်ချို့ အမျိုးမျိုး သုံးသပ်ကြတာပေါ့လေ။ ရွေးကောက်ပွဲကိုပဲစောင့်ကြည့်နေတယ်" ဟု ဦးကိုကိုထွေးက ဆက်လက် ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly