ရေကျော်မှုကြောင့် ရန်ကုန်-မန္တလေး အမြန်စာပို့ရထားနှင့် မော်လမြိုင်ရထား ယာယီရပ်ဆိုင်း

ရေကျော်မှုကြောင့် ရန်ကုန်-မန္တလေး အမြန်စာပို့ရထားနှင့် မော်လမြိုင်ရထား ယာယီရပ်ဆိုင်း
ဓာတ်ပုံ - ဦးဇော်လွင်

ရန်ကုန်၊ ဇူလိုင် ၂၇ ။           ။ မြန်မာနိုင်ငံအတွင်း မီးရထားလမ်းရေကျော်မှုများကြောင့် ရန်ကုန်-မန္တလေးစာပို့အမြန်ရထားနှင့် မော်လမြိုင်ရထားများ  ပြေးဆွဲမှုကို ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ မြန်မာ့မီးရထားမှ ယာယီရပ်ဆိုင်းခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပဲခူးတိုင်းဒေသကြီး ရထားလမ်းပိုင်း ၃ နေရာတွင် သံလမ်းအထက် ၁၁ လက်မ ရေကျော်မှုများရှိနေပြီး မွန်ပြည်နယ် ရထားလမ်းပိုင်း ၃ နေရာတွင် သံလမ်းအထက် ၁၄ လက်မ ရေကျော်မှုများရှိခဲ့ကာ ရထားလမ်းရေတိုက်စားမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ထို့အတွက်ကြောင့် ၎င်းရထားလမ်းပိုင်းများကို ဇူလိုင်လ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်မှစတင်ကာ ယာယီပိတ်သိမ်းခဲ့ရသည်။

ရထားလမ်းရေကျော်မှုများကြောင့် ရန်ကုန်မှထွက်ခွာမည့် အမှတ် ၉အဆန် (ရန်ကုန်-သာစည်)၊ ၅အဆန် ၃အဆန် (ရန်ကုန်-မန္တလေး)၊ ၇အဆန် (ရန်ကုန်-နေပြည်တော်) တို့အပြင် နောက်နေ့တွင်ထွက်ခွာမည့် ၁အဆန် ၁၁အဆန်၊ ၃၂ အဆန်၊ ၉ အဆန် ရထားများနှင့် ရန်ကုန်မှ မွန်ပြည်နယ်သို့ ထွက်ခွာမည့် ၃၅ အဆန် ၈၉ အဆန်ရထားများ ပြေးဆွဲမှုယာယီ ရပ်ဆိုင်းထားသည်။

မန္တလေး၊ သာစည် နှင့် နေပြည်တော်ဘူတာများမှ ၆ အစုန်၊ ၄ အစုန်၊ ၁၀ အစုန်၊ ၈ အစုန်၊ ၁၂ အစုန်၊ ၂ အစုန် နှင့် ၃၂ အစုန်ရထားများ ယာယီရပ်နားခဲ့သည်။

အလားတူ မော်လမြိုင်မှထွက်မည့် ၃၆အစုန်၊ ၉၀အစုန်ရထားများ ထားဝယ်အထိပြေးဆွဲသည့် ၁၇၅ အဆန်/၁၇၆ အစုန် ရထားများကို ယာယီဖျက်သိမ်းထားသည်။

ခရီးစဉ်ယာယီ ရပ်ဆိုင်းမှုများကြောင့် လက်မှတ်ဝယ်ယူထားသူများကို မြန်မာ့မီးရထားမှ လက်မှတ်ခများပြန်လည်ထုတ်ပေးသွားမည်ဖြစ်သည်။

ယခုကဲ့သို့ ရထားလမ်းရေကျော်မှုများ ယခင်ကကြုံတွေ့ဖူးကြောင်း မြန်မာ့မီးရထား တိုင်း(၇) သွားလာရေးအထွေထွေမန်နေဂျာ ဦးဇော်လွင်က ပြောသည်။

လက်ရှိအချိန်တွင် မြန်မာ့ရထားမှ ဦးဆောင်ညွှန်ကြားရေးမှုးနှင့် ရုံးချုပ်အဆင့်ဌာနအကြီးအကဲ တာဝန်ရှိသူများအနေဖြင့် ရေကျော်သည့်နေရာများသို့ သွားရောက်ကာ ရေကျချိန်၌ ရထားလမ်းပြန်ဖွင့်နိုင်ရန် ဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required