အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၁ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၁ )

ဘဏ္ဍာရေးမညီမျှမှုများ

ကနေဒါနိုင်ငံ၏ံ ပြည်နယ်များသည်အခြားသောဖက်ဒရယ်နိုင်ငံများ၏ ပြည်နယ်များနှင့်နှိုင်းးယှဉ်ကြည့်လျင် လုပ်ပိုင်ခွင့် တာဝန်နှင့် အခွန်အာဏာများ ပိုရှိကြသော်လည်း ဒေါင်လိုက်ဘဏ္ဍာရေးမညီမျှမှုနှင့် အလျားလိုက် ဘဏ္ဍာရေးမညီမျှမှုှ စသည့် ဘဏ္ဍာရေးပြဿနာနှစ်မျိုးလုံးရှိသည်။ ဖွဲ့စည်းပုံအရ ပြည်နယ်များတွင် အခွန်ဆိုင် ရာ လုပ်ပိုင်ခွင့်အာဏာ များစွာ ရှိသော်လည်း ထိုအာဏာများသည်   ပြည်နယ်များအတွက် လုံလောက်မှုမရှိသေး ကြောင်း ပြည်နယ်အချို့က ဆိုကြသည်။ ထို့ကြောင့် ဒေါင်လိုက်ဘဏ္ဍာရေးမညီမျှမှုများ ရှိလာသည်။ ထိုမညီမျှမှု များကို ယေဘုယျအားဖြင့် နည်းလမ်း (၂) မျိုးဖြင့် ဖြေရှင်းနိုင်သည်။ ဖက်ဒရယ်အခွန်နှုန်းထားများကို လျှော့ပြီး ပြည်နယ်အခွန် နှုန်းထားများကို တိုးခြင်းဖြင့် ဖက်ဒရယ်၏ အခွန်အာဏာ (tax room) အချို့ကို ပြည်နယ်များ အား ပေးအပ်ခြင်း (သို့မဟုတ်) ပြည်နယ်များအတွက် ဖက်ဒရယ် လွှဲပြောင်းငွေပမာဏာ တိုးမြှင့်ပေးခြင်းဖြင့် ဖြေရှင်းနိုင်သည်။ သို့ရာတွင် မည်သည့် နည်းလမ်းက ပိုသင့်တော်သည်နှင့်စပ်လျဉ်း၍ ပြည်နယ်များအကြား သဘောထားကွဲလွဲကြသည်။ အချို့သော ပြည်နယ်များ (ဥပမာ - ခေးဘက်နှင့် အာဘာတာ) က ဖက်ဒရယ် အခွန်အာဏာအချို့ ပေးအပ်ခြင်းနည်းလမ်းကို ပိုလိုလားကြသော်လည်း အချို့သောပြည်နယ်များ (ဥပမာ - အတ္တလန္တိတ်ဒေသ ပြည်နယ်များ)က ဖက်ဒရယ်လွှဲပြောင်းငွေပမာဏတိုးပေးခြင်းနည်းလမ်းကိုပိုလိုလားကြသည်။

ကနေဒါနိုင်ငံ၏ ပြည်နယ်များသည် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း မြင့်မားမှုအကျိုးဆက်များကြောင့်လည်းကောင်း၊ ပြည်နယ်များ၏ စီးပွားရေးကွာဟချက်များကြောင့်လည်းကောင်း ပြည်နယ်များအကြား အလျားလိုက်ဘဏ္ဍာရေး မညီမျှမှု အလွန်များလာသည်။ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ စုပုံနေသည့် အွန်တာရီယိုပြည်နယ်နှင့် သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် အာဘာတာပြည်နယ်တို့သည် အခြားသော ပြည်နယ်များနှင့်စီးပွားရေးအရအလွန် ကွာဟနေသည်။ ကနေဒါဖွဲ့စည်းပုံအရ ပြည်နယ်များသည် ပြည်နယ်များအတွင်းရှိ သဘာဝသယံဇာတများကို ပိုင်ဆိုင်ခွင့်ရှိသဖြင့် ယင်းပိုင်ဆိုင်ခွင့်သည် အလျားလိုက်ဘဏ္ဍာရေးမညီမျှမှုများ၏ အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။ ထိုဘဏ္ဍာရေးပြဿနာကို ဖက်ဒရယ်အစိုးရက သာတူညီမျှရေး ပေးငွေများ/လွှဲပြောင်းငွေများဖြင့် ဖြေရှင်း လေ့ရှိသည်။ သို့ရာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ဈေးနှုန်းမြင့်တက်မှုသည် သာတူညီမျှရေးစနစ်အပေါ် ရိုက်ခတ်မှု ရှိသဖြင့် (သာတူညီမျှရေးပေးငွေများ ထပ်တိုးပေးရသဖြင့်) နောက်ပိုင်းတွင် သာတူညီမျှရေး အစီ အစဉ်အတွက် ပညာရှင်အဖွဲ့ ဖွဲ့စည်းပြီး အစီစဉ်အတွက် အကြံဉာဏ်များ ရယူခဲ့သည်။

နောက်ပိုင်းတွင် ပြည်နယ်များ၏ အခွန်ဆိုင်ရာလုပ်ပိုင်ခွင့် အာဏာများသည် တဖြည်းဖြည်းတိုးပွားလာပြီးကောက်ခံ ရရှိသော အခွန်ငွေများသည်လည်း ပြည်နယ်အသုံးစရိတ်များအတွက် အချိုးအစားကြီးမားစွာကာမိစေနိုင်သဖြင့် ဒေါင်လိုက်ဘဏ္ဍာရေးမညီမျှမှုများထက် အလျားလိုက်ဘဏ္ဍာရေးမညီမျှမှုများက ကနေဒါနိုင်ငံ၏ အဓိကဘဏ္ဍာ ရေး ပြဿနာ ဖြစ်နေသည်။ အခြားတစ်ဘက်တွင် ထိုဘဏ္ဍာရေးပြဿနာများ (ဒေါင်လိုက်နှင့် အလျားလိုက် ဘဏ္ဍာရေး မညီမျှမှုများ) သည် ဖက်ဒရယ်အစိုးရ၏ ဘဏ္ဍာရေးအရကြားဝင်မှုကို လိုအပ်စေသည်။ ဖက်ဒရယ် အစိုးရသည် ပြည်နယ်များ၏ ဘဏ္ဍာရေးမညီမျှမှုများကို ဖြေရှင်းနိုင်ရန် အခွန်အာဏာအချို့ကို ဆက်လက် ထိန်းသိမ်း သွားရန်၊ ပြည်နယ်များအကြား ဘဏ္ဍာရေးမျှတမှုရှိရေးအတွက် ပြည်နယ်များအတွက်သာတူညီမျှရေး   ပေးငွေများလွှဲပေးရန်နှင့်သတ်မှတ်ချက်ပါသောထောက်ပံ့ငွေများချပေးခြင်းဖြင့်ပြည်နယ်များ၏ပြည်သူ့ဝန်ဆောင်မှု  အရည်အသွေးကို ထိန်းပေးရန် လိုအပ်လာသည်။

ဘဏ္ဍာငွေ လွှဲပြောင်းမှုများ

ကနေဒါနိုင်ငံတွင် ဗဟိုချုပ်ကိုင်မှုလျော့ချလာသည်နှင့်အမျှ ပြည်နယ်များသည် ၎င်းတို့အသုံးစရိတ်များအတွက် လိုအပ်သော ဘဏ္ဍာငွေများကို ကိုယ်ပိုင်အခွန်အရင်းအမြစ်များဖြင့် အချိုးအစားကြီးမားစွာ တဖြည်းဖြည်း ဆောင်ရွက်လာကြသည်။ ပြည်နယ်အသုံးစရိတ်အတွက် ဖက်ဒရယ်အစိုးရအပေါ် အားထားမှုမှာ တဖြည်းဖြည်း လျော့ကျလာသော်လည်း ပြည်နယ်များသည် ၎င်းတို့၏အသုံးစရိတ်များအတွက် ဖက်ဒရယ်အစိုးရအား တစ်စိတ် တစ်ဒေသအားဖြင့် အားထားနေရဆဲ ဖြစ်သည်။ ဖက်ဒရယ်အစိုးရသည် ပြည်နယ်များ၏ ဘဏ္ဍာရေးမညီမျှမှုများ ကို ကုစားနိုင်ရန် ခိုင်မာသည့် ဘဏ္ဍာငွေ လွှဲပြောင်းမှုအစီအစဉ်များ (Fiscal Transfer Schemes) ချမှတ်ထား သည်။ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရတို့ပါဝင်သော နှီးနှောဖလှယ်ပွဲများ (intergovernmental forums) ကျင်း ပပြီး ဘဏ္ဍာငွေလွှဲပြောင်းမှုကိစ္စများကိုဆွေးနွေးညှိနှိုင်းကြသည်။နှီးနှောဖလှယ်ပွဲများမှထွက်လာသောဆုံးဖြတ် ချက် များကို ဖက်ဒရယ်လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းပြီး ဖက်ဒရယ်ဘဏ္ဍာရေးဝန်ကြီးဌာနက အကောင် အထည် ဖော်ဆောင်ရွက်ပေးသည်။  ကနေဒါနိုင်ငံတွင် ဘဏ္ဍာငွေလွှဲပြောင်းမှုအစီအစဉ် (၄) ခု ရှိသည်။ ၎င်းတို့မှာ

၁ ။ ကနေဒါ ကျန်းမာရေးလွှဲအပ်ငွေ (Canada Health Transfer)၊

၂ ။ ကနေဒါ လူမှုရေးလွှဲအပ်ငွေ (Canada Social Transfer)၊

၃ ။ သာတူညီမျှရေး လွှဲအပ်ငွေ (equalization) နှင့်

၄ ။ နယ်မြေအခြေခံ ပုံသေနည်းပေးအပ်ငွေ (Territorial Formula Financing) တို့ ဖြစ်သည်။

 ကျန်းမာရေးနှင့် လူမှုရေးလွှဲအပ်ငွေများသည် သတ်မှတ်ချက်ပါသော လွှဲပြောင်းငွေများ (conditional transfers) ဖြစ်ပြီး ပြည်နယ်များ၏ စီးပွားရေးလုပ်ဆောင်ချက်များနှင့် ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်းတို့အပေါ် မူတည်ပြီး ချပေးခြင်း မဟုတ်ဘဲ ပြည်နယ်တစ်ခုစီ၏ ဝင်ငွေများအပေါ် မူတည်ပြီး ချပေးသည်။ ကနေဒါလူမှုရေး လွှဲအပ်ငွေသည် ပြည်နယ်များ၏ အထက်တန်းလွန်ပညာရေး၊ လူမှုရေးထောက်ပံ့မှုနှင့် လူမှုရေးဝန်ဆောင်မှုများ၊ ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်စောင့်ရှောက်ရေးတို့အတွက် လိုအပ်သော အသုံးစရိတ်များ အတွက် ပံ့ပိုးပေးသည်။ သာတူညီမျှရေးရေး လွဲအပ်ငွေနှင့် နယ်မြေအခြေခံ ပုံသေနည်းပေးအပ်ငွေတို့သည် ပြည်နယ် နှင့် နယ်မြေတို့ကို ချပေးသည့် သတ်မှတ်ချက်မပါသော လွှဲအပ်ငွေများ (unconditional transfers) ဖြစ်သည်။ ညီမျှရေးအစီအစဉ်တွင် တန်းတူညီမျှရေးပေးငွေများ (equalization payments)ကို ပြည်နယ် တစ်ခုချင်း၏ ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်းအပေါ် မူတည်ပြီးချပေးသည်။ တန်းတူ ညီမျှရေးပေးငွေပမာဏကို သတ်မှတ်ရာတွင် ပြည်နယ်အားလုံး၏ ယေဘုယျဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်းကို ဖော်ထုတ်ပြီး ၎င်းကို တစ်နိုင်ငံံလုံး၏ အနိမ့်ဆုံး စံနှုန်းအဖြစ် သတ်မှတ်သည်။ ထ့ိုနောက် ဖက်ဒရယ်အစိုးရသည် ယင်းစံနှုန်းအောက် ရောက်သော ပြည်နယ်များ အတွက် စံနှုန်းနှင့်နီးစပ်မှုအလိုက် တန်းတူညီမျှရေးပေးငွေများကို ချပေးသည်။ ထိုစံနှုန်းတွင် ပြည်နယ်များ၏ သယံဇာတဝင်ငွေကို ထည့်တွက်သဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဲ့သို့သော တန်ဖိုးမြင့်သယံဇာတဝင်ငွေ ရှိသည့် ပြည်နယ်များက ခံစားခွင့် မရှိပါ။   ။ ( မဇ္ဈိမ )

{ ရှေ့အပတ် . . ဂျာမဏီနိုင်ငံ }

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )
  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )
  3. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )
  4. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )
  5. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၅ )
  6. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၆ )
  7. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၇ )
  8. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၈ )
  9. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၉ )

  10. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၀ )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly