ပဲခူးမြစ်ရေကို ကာထားသည့်တာဘောင်များ ရေစိမ့်နေ၍ သဲအိတ်အလှူရှင်များ လိုအပ်နေ

ပဲခူးမြစ်ရေကို ကာထားသည့်တာဘောင်များ ရေစိမ့်နေ၍ သဲအိတ်အလှူရှင်များ လိုအပ်နေ

ဇူလိုင် ၂၇ ။          ။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် မြစ်ရေကာထားသည့်တာဘောင်များ ရေစိမ့်နေသည့်အတွက် ကျိုးကျမည်ကို စိုးရိမ်နေရပြီး သဲအိတ်အလှူရှင်များ လိုအပ်နေကြောင်း ဒေသခံများ ဆိုသည်။

ယခုလက်ရှိ ရေစိမ့်နေသည့် ကျောက်ကြီးစုတာနှင့် ညောင်ဝိုင်း ၁၆ တာကို သဲအိတ်များဖြင့် ဖို့ထားရပြီး မြစ်နှင့်ကပ်လျှက် ဈေးပိုင်း တာရှိ ကြွက်တွင်းများမှလည်း ရေစိမ့်နေကာ တာများကို ရေကျော်ခြင်းများ ရှိနေကြောင်း သိရသည်။

" အဲ့ဒီတာတွေက ရေစိမ့်တယ်။ ရေများလာရင် ကျောက်တွေချတယ်။ သဲအိတ်တွေချရတယ်။ ရေကင်းတွေစောင့်ရတယ် ။ အရမ်းစိုးရိမ်ရရင် အပျက်အစီးအဆုံးရှုံးနည်းမဲ့ လယ်ကွင်းတွေဘက်ကို ရေဖောက်ချတယ်။  အဲ့ဒါကျိုးရင် တစ်မြို့လုံး မြုပ်မှာလေ ။ ပဲခူးမြစ်ကြီးက မြို့အလည်တည့်တည့်က နှစ်ပိုင်းပိုင်းထားတာကို ။ တာတွေသာ ကျိုးခဲ့ရင် အကုန်သေကုန်မှာ " ဟု ပဲခူးမြို့ခံ ကိုမျိုးညွန့်က မဇ္ဈိမသို့ ပြောသည်။

ရေကျော်နေသည့် ကျောက်ကြီးစုတာ ညောင်ဝိုင်း ၇ လမ်းထိပ်ကို ဇူလိုင်လ ၂၇ ရက် မနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုသွားပြီး တာများစောင့်ကြည့်ရန် ရေကင်းများချသွားမည် ဖြစ်ကြောင်း သိရသည်။

"အခုရေကျော်နေတာက ညောင်ဝိုင်း၊ဈေးပိုင်းက မြစ်နဲ့ကပ်ရက်တာတွေ။ တာနှစ်ခုကြားက ရပ်ကွက်တွေက တစ်ခါမှရေမကြီးဖူးဘူး ။ တစ်ဖက်ပွင့်သွားလို့ကတော့ အကုန်သေမှာ ။ အစ်ကို့အမြင် အုပ်ချုပ်ရေးက ချက်ခြင်းတုန့်ပြန်ရမှာလေ။  အခုစည်ပင်တစ်ခုတည်း လုပ်နေတယ် ။ ဒါကအလုပ် မဟုတ်ဘူး" ဟု ဒေသခံတစ်ဦးက သူ၏ အမြင်ကို ပြောသည်။

ပဲခူးမြစ်ရေ မြင့်တက်နေမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၂ဝ ခုအထိ ဖွင့်လှစ်ထားရပြီး ရေဘေးဒုက္ခရင်ဆိုင်နေရသည့် အိမ်ထောင်စု ၂၅ဝဝ ခန့်မှ လူဦးရေ ၁၅ဝဝဝ ခန့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly