ကျား အပါအဝင် ရှားပါးတိရိစ္ဆာန်များထိန်းသိမ်းရေး ထည့်သွင်းစဉ်းစားသင့်

ကျား အပါအဝင် ရှားပါးတိရိစ္ဆာန်များထိန်းသိမ်းရေး ထည့်သွင်းစဉ်းစားသင့်
Photo-EPA

ရန်ကုန်၊ ဇူလိုင် ၂၇ ။             ။ ကျား အပါအဝင် ရှားပါးတိရိစ္တာန်များထိန်းသိမ်းရေးထည့်သွင်းစဉ်းစားသင့်ကြောင်း သားငှက်ထိမ်းသိမ်းရေး မြန်မာနိုင်ငံအစီအစဉ် Northern Landscape Coordinator ဦးလှနိုင် က ပြောသည်။

ကျားထိန်းသိမ်းရေးဆောင်ရွက်နေသည်များအကြောင်း သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ သားငှက် ထိန်းသိမ်းရေး မြန်မာနိုင်ငံအစီအစဉ်ရုံးမှာ ဇူလိုင်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည်။

"ဖွံ့ဖြိုးရေးသွားရင် သဘာဝပတ်ဝန်းကျင်ကိုထည့်သွင်းစဉ်းစားပါ။ သဘာဝပတ်ဝန်းကျင်ကို ထည့်သွင်း စဉ်းစားတဲ့အခါမှာ ဇီဝမျိုးစုံကြွယ်ဝမှုကိုမမေ့ပါနဲ့။ ဇီဝမျိုးစုံမျိုးကွဲက ကျွန်တော်တို့လူသားတွေအတွက် ဘဏ်တွေ က အရေးကြီးသလိုပဲ။ ဘဏ်တွေလိုမျိုး ဇီဝမျိုးစုံမျိုးကွဲတွေထိမ်းသိမ်းရာဖြစ်တဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေတွေကို အဓိကထိန်းသိမ်းမယ်ဆိုလို့ရှိရင် ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တိုင်း ဒီသဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရပါဘူးဆိုတဲ့ ထည့်သွင်းစဉ်းစားမှုတွေနဲ့သွားမှ ကျွန်တော်တို့ သဘာဝထိန်းသိမ်းရေး နယ်မြေတွေ သေချာမယ်။ ဇီဝမျိုးစုံမျိုးကွဲတွေသေချာမယ်။ အဲဒီထဲက ကျားလည်းသေချာမယ်" ဟု ဦးလှနိုင် က ပြောသည်။

ကမ္ဘာ့ကျားထိန်းသိမ်းရေးနေ့ (ဇူလိုင်၂၉ရက်) ဖြစ်ပြီး ကျားများသည် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၃ နိုင်ငံ၌ ကျက်စားနေပြီး ၎င်းနိုင်ငံများတွင် မြန်မာနိုင်ငံ အပါအဝင် ဖြစ်သည်။

ယခင်က ကမ္ဘာပေါ်တွင် ကျားမျိုးစိတ် ၉ မျိုး ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ကျားမျိုးစိတ် ၆ မျိုး သာ ကျန်ရှိ နေပြီး မြန်မာနိုင်ငံတွင် ကျားမျိုးစိတ် ၂ မျိုး ရှိနေသည်။

အိမ်နီးချင်းနိုင်ငံများ၏ဈေးကွက်လိုအပ်ချက်အရ ကျားများကိုပစ်မှတ်ထား၍ အမဲလိုက်ခြင်း၊ ကျားအစာများ ဖြစ်သော ဆတ်၊ တောဝက်၊ ပြောင်၊ ဂျီနှင့် အခြားသားကောင်များကို အမဲလိုက်ခြင်း၊ ကျားတို့နေထိုင်ရာ တောများမှ တရားမဝင်သစ် အလွန်အကျွံထုတ်ခြင်း၊ နိုင်ငံတော်မှ ခွင့်ပြုချက်မရှိဘဲ ကျားများနေထိုင်ရာ သစ်တောကြိုးဝိုင်းများ သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် သတ္တုတူးဖော်ခြင်းတို့အပြင် တောရိုင်းတိရိစ္ဆာန်များ ရောင်းဝယ်ကုန်သွယ်ခြင်းတို့မှာ မြန်မာနိုင်ငံရှိ ကျားထိမ်းသိမ်းရေးလုပ်ငန်းများအတွက် အတားအဆီးများဖြစ်နေသည်ဟု ဖော်ပြထားသည်။

ကျားများကို လူ့ခန္ဓာကိုယ်အတွက်ကောင်းစေသည်ဟုဆိုကာ တရုတ်နိုင်ငံမှ ဝယ်ယူမှုများရှိနေပြီး ဆင်များကိုလည်း ၎င်းတို့၏ အစွယ်၊ အရေခွံနှင့် အစိတ်အပိုင်းများအတွက် တရုတ်နိုင်ငံမှ ဝယ်ယူမှုများရှိနေသည်ဟု ဆိုသည်။

ကျားထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးရရှိရန်လည်း အရေးကြီးကြောင်း သားငှက် ထိန်းသိမ်းရေး မြန်မာအစီအစဉ် ကချင်ပြည်နယ်တာဝန်ခံက ပြောသည်။

"အခုကြည့်လို့ရှိရင် ဟူးကောင်း မှာ တိုက်နေခိုက်နေတယ်ဆို ရွာသားတွေပြေးနေတယ်။ ရွာသားတွေပြေးနေတဲ့ နေရာမှာ ကျား အရေးကြီးတယ်လို့ပြောရင် ဘယ်သူ့မှစိတ်မဝင်စားဘူး။ နောက်တစ်ခုက ကျွန်တော်တို့ အလုပ်က ရွာသားတွေအားကိုးပြီးတော့လုပ်ရတာ ခုနကတွေ့တဲ့အတိုင်းပဲ။ လှေနဲ့သွားမယ် ရိက္ခာတွေလုပ်မယ် ပြီးတော့ ရွာသားတွေပူးပေါင်းပါဝင်မှရမယ်။ သူတို့မရှိရင်ဘာမှလုပ်လို့မရဘူးလေ။ ကျွန်တော်တို့လည်း တော်တော်မျှော်တယ်။ တကယ့် decent peace" ဟု သားငှက်ထိမ်းသိမ်းရေးမြန်မာနိုင်ငံအစီအစဉ် ကချင်ပြည်နယ်တာဝန်ခံ ဦးသန်းမြင့် က ပြောသည်။

မြန်မာနိုင်ငံတွင် ကျားများမှာ မြောက်ပိုင်း အထက်ချင်းတွင်းမြစ်ဝှမ်းဒေသနှင့် နိုင်ငံတောင်ပိုင်း တနင်္သာရီ-ဒေါနတောင်တန်းများတွင် တွေ့ရသည်ဟု နိုင်ငံအဆင့်ကျားလေ့လာစာရင်းကောက်စီမံကိန်း (၁၉၉၉-၂၀၀၂) အရသိရသည်။

မြန်မာနိုင်ငံတွင် အိန္ဒိယဘက်နှင့်နွယ်သောကျား (Panthera tigris tigris) နှင့် အင်ဒိုချိုင်းနားကျွန်းဆွယ် နှင့်နွယ်သောကျား (Panthera tigris corbetti) စသည့် ကျားမျိုးစိတ်နှစ်မျိုးရှိနေသည်။

အထက်ချင်းတွင်းမြစ်ဝှမ်းဒေသ ကျားနှင့် ၎င်း၏အစားခံသတ္တဝါများသုတေသနလုပ်ငန်း နေရာ ၂၂၅ နေရာတွင် ကင်မရာထောင်ချောက်အလုံး ၁၀၀ ဖြင့် သားငှက်ထိန်းသိမ်းရေးမြန်မာနိုင်ငံအစီအစဉ် သုတေသန ပြုလုပ်နေသည်မှာ ၃ နှစ်ကျော်ရှိခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required