ကလေးတွင် ရေဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်

ကလေးတွင် ရေဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်

ကလေး၊ ဇူလှိုင် - ၂၆ ။            ။ ကလေးမြို့နယ်တွင် ရေဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့မှ ဦးဆောက်၍ ယနေ့ ဇူလှိုင်လ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ကလေးမြို့နယ် ပြင်သာကျေးရွာတွင် ရေဘေးကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြင့် ကော်မတီ (၁၀) ခု ဖွဲ့စည်းထားရှိပြီး ရေဘေး ကယ်ဆယ်ရေးဇုန် (၅) ဇုန်၊ ကယ်ဆယ်ရေးစခန်း (၂၂) နေရာမှ တာဝန်ကျဌာနဆိုင်ရာများ၊ ရေဘေး ကြိုတင်ကာကွယ်ရေး ကော်မတီများပူးပေါင်း၍ စီမံချက်များ အသေးစိတ်ရေးဆွဲထားကာ ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်နေကြခြင်း ဖြစ်သည်။

ချင်းပြည်နယ်မှ ရွာသွန်းသော မိုးရေများသည် တောင်မှမြောက်သို့ စီးဆင်းလျက်ရှိသော မြစ်သာမြစ်မှ တစ်ဆင့်လည်းကောင်း ကလေးလွင်ပြင်သို့ စီးဝင်ကြခြင်းကြောင့် ရေကြီး   ရေလျှံမှုအန္တရာယ်အား နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကလေးမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ပထမပတ် အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားကာ ကြီးမားသောပျက်စီးဆုံးရူံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့အခုလို လုပ်တာဟာ ကလေးမြို့နယ်မှ ရွာသူရွာသားတွေ ရေဘေးအန္တရာယ် ကြုံတွေ့လာရင် လျင်မြန်စွာဆောင်ရွက်နိုင်ဖို့နဲ့ ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်ပေါ်အောင် လို့ပါ။ ဒါပြီး ရွာသူရွာသားတွေနဲ့ မြို့မိမြို့ဖတွေ အားလုံးသိစေချင်တယ်" ဟု ဇုန်တာဝန်ခံတစ်ဦးက ပြောသည်။

ရေဘေးကာကွယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုကို စံနမူနာအဖြစ် ပြင်သာ ကျေးရွာတွင် ပြုလုပ်သွားမည်ဖြစ်သည်။

ကျေးရွာအတွင်းရှိရေဘေးသင့်ပြည်သူများ၊ ထိခိုက်လွယ် (၄) အုပ်စု နှင့် အိမ်မွေးတိရစ္ဆာန်များအား ရေဘေးကြိုတင်ကာကွယ်ရေးစီမံချက်အရ ကယ်ဆယ်ရေစခန်းအဖြစ် ဖွင့်လှစ်မည့် တပ်ဦးသီတာရပ်ကွက်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းသို့ ရွှေ့ပြောင်းသယ်ယူ ပို့ဆောင်ခြင်း၊ နေရာချထားခြင်း၊ အစားအသောက်များစီစဉ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း ၊ ရေကျပြီးပါကမူလကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးခြင်း တို့ကို ခရိုင်/မြို့နယ် စီမံခန့် ခွဲမှုကော်မတီတို့မှ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly