မြေယာနှင့် အဆောက်အဦအခွန်များ စိစစ်ကြပ်မတ်ရန် တိုင်းအစိုးသို့ တိုက်တွန်း

မြေယာနှင့် အဆောက်အဦအခွန်များ စိစစ်ကြပ်မတ်ရန် တိုင်းအစိုးသို့ တိုက်တွန်း

ဇူလိုင် ၂၆ ။             ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေယာခွန်နှင့် အဆောက်အဦခွန်များကို စနစ်တကျ စိစစ်ကြပ်မတ် ကောက်ခံရန် တိုင်းဒေသကြီးအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို မြန်အောင်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုအောင်က တင်သွင်းခဲ့သည်။

အခွန်ဘဏ္ဍာများရှာဖွေသည့် ဌာနများ အဂတိကင်းရှင်းစွာဖြင့် အခွန် လေလွင့်မှုမရှိဘဲ အခွန်ပုန်း၊  အခွန်ရှောင် များကို ကောက်ခံနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရသို့ တိုက်တွန်း ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အကောက်များ အပြည့်အဝရရှိစေရေးအတွက် အခွန် ယဉ်ကျေးမှု ထွန်းကားပြီး ပွင့်လင်းမြင်သာစွာ စနစ်တကျ စိစစ်ကြပ်မတ်ကောက်ခံပေးနိုင်ရေး အတွက်လည်းကောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေမှာ နိုင်ငံရေး တည်ဆောက်နေသည့်ကာလ ဖြစ်နေသောကြောင့် ပြည်သူများအတွက် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယခုထက် ပို၍ အစိုးရမှ လုပ်ပေးနိုင်စေခြင်းဖြင့် ဖွံ့ဖြိုးမှု မြန်ဆန်လာစေရန် အတွက်လည်းကောင်း ရည်ရွယ်၍ အဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း ဒေါ်စုစုအောင်က ဆိုသည်။

“အဓိက အခွန်ငွေဖြစ်တဲ့ မြေယာခွန်နှင့် အဆောက်အဦခွန်များကို စနစ်တကျ စိစစ်ကြပ်မတ် ကောက်ခံသင့် ပါတယ်။ မြေလွတ်မြေရိုင်း ဧကပေါင်းများစွာ ပိုင်ဆိုင်နေကြတဲ့သူများကို သေသေချာချာ စိစစ်ပြီး မြေယာမှတ်ပုံတင်ကြေးများ ၊အခွန်ပုန်း အခွန်ရှောင်များနှင့်ပတ်သက်၍ တရားမဝင် ကုန်စည်တင်သွင်းမှု၊ ထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုများကို ထိထိရောက်ရောက် တားဆီးရန် ၊ အခွန်သစ်များ ရရှိနိုင်ရန် အခွန်နှုန်းထားနည်းနည်းနှင့် အခွန်အခြေကို ချဲ့ထွင်ပြီး ရသင့်ရထိုက်သော အခွန်များ ပြည့်ဝစွာ ကောက်ခံနိုင်ရန် တိုင်းဒေသကြီး အစိုးရအနေဖြင့် မဟာဗျူဟာများ ချမှတ် ဆောင်ရွက်သင့်ပါတယ်” ဟု ဒေါ်စုစုအောင်က လွှတ်တော်သို့ တင်ပြခဲ့သည်။

ယင်းအဆိုကို ကျိုက်လတ်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ထောက်ခံခဲ့ပြီး တိုင်းဒေသကြီးအစိုးရ စီမံဘဏ္ဍာဝန်ကြီးက အဆိုအား ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ဆက်လက် ဆွေးနွေးရန် ထောက်ခံခဲ့ပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required