အောင်​ဝင်​း​​ဇော်​က ညှဉ်းပန်းနှိပ်စက်ခံ​သော​ကြောင်​့ စိတ်ကစဉ့်ကလျားဖြစ်​​နေဟု ထွက်​ဆို

အောင်​ဝင်​း​​ဇော်​က ညှဉ်းပန်းနှိပ်စက်ခံ​သော​ကြောင်​့ စိတ်ကစဉ့်ကလျားဖြစ်​​နေဟု ထွက်​ဆို
ထမင်းစားနားရန်အတွက် ယနေ့ ဇူလိုင် ၂၆ ရက်နေ့လည်ပိုင်းက တရားခွင်အတွင်းမှ ခေါ်ထုတ်လာစဉ် ။ ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

 

ရန်ကုန်၊ ဇူလိုင်လ ၂၆ ။          ။ သေနတ်သမားကြည်လင်းအမှုတွဲမှ အောင်ဝင်းဇော်က ၎င်းမှာ အမျိုးမျိုး ညှဉ်းပန်းခံရသဖြင့်  စိတ်ကစဉ့်ကလျား ဂယောင်ခြောက်ခြားနှင့် စိတ်အားငယ်မှုများဖြစ်ပေါ်နေသည်ဟု ယနေ့ ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်၊ နံနက်ပိုင်း ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ဦးကြည်လင်းအပါအဝင် ဦးအောင်ဝင်းဇော်၊ ဦးဇေယျာဖြိုးတို့ ၃ ဦးကို အကြိမ် ၆၃ မြောက် ရုံးထုတ်ခဲ့သည်။

ယနေ့ ရုံးချိန်းတွင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့သည့် ဦးကြည်လင်းအမှုတွဲမှ ဦးအောင်ဝင်းဇော်အား ၃ ကြိမ်မြောက် ဆက်လက်စစ်ဆေးနေခြင်းဖြစ်သည်။

ထို့သို့ စစ်ဆေးခဲ့ရာတွင် အောင်ဝင်းဇော်က အောင်သပြေရဲရိပ်သာတွင်  ၎င်းအား ၁၁ ရက်ကြာ စစ်ဆေးခဲ့ပြီး စစ်ဆေးချိန်တွင် အမျိုးမျိုး ညှဉ်းပန်းခံရသဖြင့် စိတ်ကစဉ့်ကလျား ဂယောင်ခြောက်ခြားနှင့် စိတ်အားငယ်မှုများဖြစ်ပေါ်ခဲ့ကြောင်းထွက်ဆိုခဲ့သည်။

ယခုကဲ့သို့ စစ်ဆေးနေချိန်တွင်လည်း ထိုသို့ ဖြစ်ပေါ်ခံစားနေကြောင်း၊ လက်ရှိ ၎င်းအား စွဲချက်တင်ထားမှုမှာ ကျူးလွန်ခဲ့ခြင်းမရှိသကဲ့သို့ အပြစ်မရှိကြောင်း၊ ၎င်းအနေဖြင့် သိရှိခြင်းမရှိသည့် ကိစ္စအား ဖြေရှင်းနေရခြင်းဖြစ်ကြောင်း အောင်ဝင်းဇော် ရုံးတော်တွင် ထွက်ဆိုခဲ့သည်။

ယနေ့ နံနက်ပိုင်း စစ်ဆေးချိန်တွင် အောင်ဝင်းဇော်က ထိုသို့ထွက်ဆိုခဲ့ခြင်းဖြစ်ပြီး နေ့လည်ထမင်းစားနားခဲ့ကာ လက်ရှိတွင် ဆက်လက်စစ်ဆေး လျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ရုံးချိန်းကလည်း  ဦးကိုနီ လုပ်ကြံခံခဲ့ရသည့်နေ့က ရရှိခဲ့သည့် CCTV ကင်မရာမှတ်တမ်းတွင် ဦးကြည်လင်းနှင့် ဦးအောင်ဝင်းဇော်တို့နှစ်ဦးမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်  Terminal 1 တွင် ကျောချင်းကပ် စကားပြောနေသည့် အနေအထားဖြင့်တွေ့ရှိခြင်းနှင့်ပတ်သက်ပြီး အထက်တန်းရှေ့နေ ဦးအောင်ခိုင်ကမေးမြန်းခဲ့ရာ အောင်ဝင်းဇော် "ကျွန်တော် ကြည်လင်းနဲ့ လုံးဝမတွေ့ခဲ့ပါ။ စကားလည်းမပြောခဲ့ပါ”ဟု တရားခွင်အတွင်း ထွက်ဆိုခဲ့မှုများရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required