လေးနှစ်ကျော်ကာလအတွင်း အချို့နေရာများတွင် ပြောင်းလဲလာသည်ဟု ဗိုလ်ချုပ်မှူးကြီးပြော

လေးနှစ်ကျော်ကာလအတွင်း အချို့နေရာများတွင် ပြောင်းလဲလာသည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
Photo - Myawady

စက်တင်ဘာလ ၄ ရက် ။          ။ မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီပြောင်းလဲရေး ၄ နှစ်ကျော်ကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး ဆိုင်ရာအယူအဆများသည် အချို့နေရာများ တွင်ပြောင်းလဲလာသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ဖြစ်ပေါ်လာသည့် ယင်းပြောင်းလဲမှုများသည် အရေးပါပြီး ခိုင်ခိုင်မာမာရှိရမည်ဟု တပ်မတော်အနေဖြင့် ခံယူထားသည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဆိုသည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၏ လေ့ကျင့်ပေးမှုများသည် ပြုပြင်ပြောင်းလဲမှု အယူအဆများနှင့်ပတ်သက်၍ အထောက်အကူပြုသည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယူဆသည်။

စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံက ပထမဦးဆုံးအကြိမ် လက်ခံကျင်းပသည့် 19th ARF-HDUCIM အစည်းအဝေးတက်ရောက်သည့် ကာကွယ်ရေး တက္ကသိုလ်ကျောင်းအုပ်ကြီးများ အားနေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

တွေ့ဆုံရာတွင် (၁၉) ကြိမ်မြောက် အာဆီယံဒေသကာကွယ်ရေးဆိုင်ရာတက္ကသိုလ်၊ ကောလိပ်အဖွဲ့အစည်းများ၏ ကျောင်းအုပ်ကြီးများ အစည်းအဝေး (19th ASEAN Regional Forum-Heads of Defence Universities, Colleges and Institutions Meeting- 19th ARF-HDUCIM) တက်ရောက်ခဲ့ကြသည့် အာစီယံ ၁၀ နိုင်ငံ၊ အိန္ဒိယ၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ မွန်ဂိုလီးယား၊ ပါကစ္စတန် ၊တောင်ကိုရီးယား၊ ရုရှား၊ သီရိလင်္ကာ၊ တီမောလ်လက်စ်တေ ၊ အမေရိကန်နိုင်ငံတို့မှ ပါဝင်ကြသည်။

မြန်မာနိုင်ငံမှ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးမိုးအောင်တို့ တက်ရောက်သည်။

နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ ရှင်သန်မှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအတွက် ကာကွယ်ပိုင်ခွင့်ရှိသည်ဆိုသော်လည်း နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုရှိရန်လည်း လိုအပ်သည်ဟု ဗိုလ်ချုပ်မှူးကြီး ကပြောသည်။

ထို့ပြင် မိမိတို့ရင်ဆိုင်နေရသော ပြဿနာများကို တည်ငြိမ်အေးချမ်းစွာဖြင့် ကျော်လွှားနိုင်ရန်မှာ ဒေသတွင်း နိုင်ငံအားလုံး၏ တူညီသည့်ရည်ရွယ်ချက်ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ခံယူထားသည်။

ညနေပိုင်းတွင် အစည်းအဝေး ပြီးဆုံးခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမိုးအောင်က ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မိုးမြင့်ထွန်းတို့လည်း တက်ရောက်သည်။

19th ARF-HDUCIM အစည်းအဝေးတွင် ဒေသတွင်းမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာခြင်း၊ စစ်ဘက်ပညာရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်း၊ ဒေသတွင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုတည်ဆောက်လာခြင်းစသည့် ခေါင်းစဉ်များ ဆွေးနွေးကြသည်။

၁၈ ကြိမ်မြောက် ARF အာဆီယံဒေသကာကွယ်ရေးဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ ၏ ကျောင်းအုပ်ကြီးများ အစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့၌ ၂၀၁၄ ခု၊ စက်တင်ဘာလအတွင်းက ကျင်းပခဲ့သည်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags