ဒေါ်ကရင်မသေဆုံးမှု၌ အိမ်ရှင်အား ရုံးထုတ်စဉ် တရားရုံးဝင်းအတွင်း ဓာတ်ပုံ၊ ဗီဒီယို မရိုက်ရန် တားမြစ်

ဒေါ်ကရင်မသေဆုံးမှု၌ အိမ်ရှင်အား ရုံးထုတ်စဉ် တရားရုံးဝင်းအတွင်း ဓာတ်ပုံ၊ ဗီဒီယို မရိုက်ရန် တားမြစ်
 ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က  ဒေါ်သင်္ဂီစုအား ၅ ကြိမ်မြောက်ရုံးထုတ်ခဲ့စဉ်။

ရန်ကုန်၊ ဇူလိုင်လ ၂၅ ။            ။ သေဆုံးခဲ့သည့် အိမ်အကူဒေါ်ကရင်မအမှုနှင့်ပတ်သက်ပြီး တရားစွဲတင်စစ်ဆေးနေသည့် အိမ်ရှင်ဖြစ်သူ ပဲခူးခရိုင်ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်သူ ဒေါ်သင်္ဂီစုအား ရုံးထုတ်စဉ် မီဒီယာများအား တရားရုံးဝင်းအတွင်း ဓာတ်ပုံ၊ ဗီဒီယို မရိုက်ရန် ရန်ကုန်တောင်ပိုင်းခရိုင်မှ တာဝန်ရှိသူများက တားမြစ်ခဲ့သည်။

ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့၊ သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် ပဲခူးခရိုင်ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်သူ ဒေါ်သင်္ဂီစုအား ၆ ကြိမ်မြောက် ရုံးထုတ်စဉ် မီဒီယာများအား တားမြစ်ခဲ့ခြင်း ဖြစ်သည်။

“သတင်းမီဒီယာသမားတွေကို ဓာတ်ပုံမရိုက်ခိုင်းတာနဲ့ ပတ်သက်ပြီး ဆရာမကိုယ်တိုင် ခရိုင်တရားသူကြီးနဲ့ သွားပြီး ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတဲ့အခါကျတော့ ခရိုင်တရားသူကြီးက ရှင်းလင်း ပြောပြတာက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရားခံဘက်က ဒီလို မီဒီယာတွေ တရားရုံးပရဝုဏ်မှာ ဓာတ်ပုံရိုက်ခွင့်မပေးဖို့ကို လာရောက် သတင်းယူတဲ့ မီဒီယာတွေရဲ့ သူတို့ရဲ့ပင်ရင်းသတင်းဌာနတွေကို ကန့်ကွက်စာတွေ ပို့တယ်လို့ ပြောပါတယ် ” ဟု ဒေါ်ကရင်မမိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူ ပြည်ထောင်စုဥပဒေအထောက်အကူ ပြုရေးအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က မီဒီယာများကို ပြောသည်။

ပွင့်လင်းမြင်သာစွာ စစ်ဆေးနေသည့် အမှုအား ထိုကဲ့သို့ ကန့်ကွက်စာပို့သဖြင့် တရားရုံးမှ ပရဝုဏ် အတွင်း မီဒီ ယာများအား ဓာတ်ပုံ၊ ရုပ်သံရိုက်ကူးမပြုတော့ခြင်းမှာ နှစ်ဦးနှစ်ဖက် အခွင့်အရေးဆုံးရှုံးပြီး တရားရေးမဏ္ဍိုင် အား အတိုင်းတာတစ်ခုထိ ထိခိုက်စေနိုင်ကြောင်း ဒေါ်စန်းစန်းမြင့်က ဆက်လက်ပြောသည်။

ယနေ့ ၆ ကြိမ်မြောက်ရုံးချိန်းတွင် ခတ္ထိယကျေးရွာအုပ်စု၊ အုတ်ဖိုရွာမှ ရပ်မိရပ်ဖများဖြစ်သည့် ဦးလှသန်း နှင့် ဦးကျော်အေးတို့နှစ်ဦးက တရားလိုပြသက်သေအဖြစ် ထွက်ဆိုအစစ်ဆေးခံခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က အိမ်အကူလုပ်ကိုင်ခဲ့သူ ဒေါ်ကရင်မမှာ နေမကောင်းသဖြင့် အိမ်ရှင်ဖြစ်သူ ဒေါ်သင်္ဂီစုက ဒေါ်ကရင်မ၏ နေအိမ်ရှိသည့် တွံတေးမြို့၊ ခတ္ထိယကျေးရွာအုပ်စု၊ အုတ်ဖိုရွာသို့ ပြန်လာပို့ခဲ့ကြောင်း ဦးလှသန်းက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။ ဒေါ်သင်္ဂီစုက ဒေါ်ကရင်မ ကျန်းမာရေး အတွက် ဆေးကုသရန် ငွေကျပ် ၁၈ဝ,ဝဝဝ အား ရပ်မိရပ်ဖများရှေ့တွင် ပေးခဲ့ပြီး ဒေါ်ကရင်မ မသေဆုံးမီ ခန္ဒာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ အိမ်ရှင်ဖြစ်သူ ဒေါ်သင်္ဂီစုကြောင့် ရရှိသော ဒဏ်ရာများဖြစ်ကာ ဒေါ်သင်္ဂီစုမိခင် ဖြစ်သူမှာ သဘောထားကောင်းကြောင်း ပြောဆိုခဲ့သည် ဟု ဦးလှသန်းက တရားခွင်အတွင်း ထွက်ဆို အစစ်ဆေးခံခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေက ၂၉ ဦးထိ တင်သွင်းထားပြီး ဆက်လက်စစ်ဆေးရန် အတွက် ခရိုင်တရားရုံးမှ လာမည့် သြဂုတ်လ ၂ ရက်နေ့အား ပြန်လည်ချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required