ရန်ကုန်တိုင်းအစိုးရ၏ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများကို မဲနှိုက်ပေး

ရန်ကုန်တိုင်းအစိုးရ၏ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများကို မဲနှိုက်ပေး

ရန်ကုန်၊ ဇူလိုင် ၂၅ ။                                ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရမှရောင်းချပေးမည့် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ ၁၀ ခု အတွက် အိမ်ခန်းများကို ဇူလိုင်လ ၂၅ ရက်နေ့၌ မြို့ပြနှင့်အိမ်ရာဦးစီးဌာနရုံးတွင် မဲနှိုက်ခဲ့ကြကြောင်း သိရသည်။

ယုဇနအိမ်ရာ၊ ကနောင်မင်းသားကြီးအိမ်ရာ၊ ရွှေပေါက်ကံအိမ်ရာ၊ ရွှေလင်ဗန်းအိမ်ရာ စသည့် အိမ်ရာ ၁၀ ခုမှ အိမ်ခန်းပေါင်း ၈၄၆ ခန်းအတွက် အိမ်ခန်းများ မဲနှိုက်ပေးနေခြင်းဖြစ်ပြီး ဇူလိုင်လ ၂၅ အပြင် ဇူလိုင်လ ၂၆ ရက်နေ့တွင်ပါ ဆက်လက်မဲနှိုက်သွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အိမ်ရာအစီစဉ်ကို လျှောက်ထားသူ ၆၀၀၀ ခန့်ရှိခဲ့ပြီး အဆိုပါ အိမ်ရာများကို အစိုးရဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားနှင့် ပြည်သူဟု၍ အချိုးကျ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မပါဝင်သည့် လျှောက်ထားသူများအတွက်ပါ အစီစဉ်ရှိနေသည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသီဟ က ပြောသည်။

"အစီအစဉ်က လျှောက်ထားတဲ့သူ ၆၀၀၀ ကျော်စာရင်းကို ကျွန်တော်တို့ဆီမှာ Fix လုပ်ပြီးသားပါ။ ဒါတွေက စောင့်ဆိုင်းစာရင်းတွေပေါ့။ ကျွန်တော်တို့နောက်ထပ် အိမ်ရာတွေ ထုတ်လုပ်ပြီး ရောင်းချတဲ့အချိန်ကျရင်လည်း Waiting List သမားတွေကို ဆက်လက်ပြီးတော့ ဆက်လုပ်မှာပါ" ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသီဟ က ဆိုသည်။

အိမ်ခန်းပေါင်း ၈၄၆ ခန်းအတွက် မဲနှိုက်ရာတွင် တန်ဖိုးနည်းအိမ်ရာများအတွက် မဲနှိုက်ပေးသည့် အိမ်ခန်းများ ပိုမိုများပြားသည်ဟု ဦးမျိုးသီဟက ပြောသည်။

အိမ်ရာများတွင် ဝင်ငွေကျပ် ငါးသိန်းနှင့်အထက် တန်ဖိုးသင့်အိမ်ရာ ဝယ်ယူခွင့်ရှိသူ ၁၆၁ ဦး၊ ဝင်ငွေကျပ် ငါးသိန်း အောက် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရှိသူ ၇၀၃ ဦး ပါဝင်နေသည်။

"ဒီလိုပဲပေါ့သားရယ် ကိုယ်ကဒီနေရာလေးကိုလိုချင်တာလေ။ ဘာလို့လဲဆိုတော့ကိုယ်က အသက်ကြီးလာပြီ ဆိုတော့ ဟုတ်တယ်မလား။ အဲဒီလိုမျိုးလေးပေါ။့ ကိုယ်တွေက ဝန်ထမ်းတွေလည်း ဝန်ထမ်းတွေဆိုတော့လေ ပင်စင်စားတွေပါ" ဟု ဝင်ငွေ ငါးသိန်းအောက် အိမ်ခန်းလျှောက်ထားသူ ဒေါ်အေးလွင် က ပြောသည်။

ထိုသို့ မဲနှိုက်ရာတွင် အိမ်ခန်းနေရာအတွက် ဝယ်ယူခွင့်မဲပေါက်ထားသူများကိုယ်တိုင် မဲနှိုက်ရွေးချယ်ခဲ့ကြသည်။

"အရမ်းကောင်းပါတယ်လို့ မမျှော်လင့်ထားပဲရတဲ့အတွက်ဝမ်းလည်းသာပါတယ်လို့။ ဒီထက် ကောင်းတာတွေ လည်း ထပ်ရပါစေပေါ့နော်။ သူများတွေလည်း မျှော်လင့်ပေးပါတယ်။ ကိုယ်ကတော့ ပိုက်ဆံမရှိတဲ့သူဆိုတော့ ဘယ်လိုအစီအစဉ်ပဲဖြစ်ဖြစ် ကိုယ့်အတွက် နေရာ တစ်နေရာရတယ်ဆိုရင်ပဲ ကျေးဇူးတင်ပါတယ်လို့" ဟု ရွှေလင်ဗန်းအိမ်ရာမဲပေါက်ထားသူ ဒေါ်အေးအေးမူ က ဆိုသည်။

အိမ်ရာဝယ်ယူခွင့်ရှိသူများအနေဖြင့် အိမ်ရာတန်ဖိုး၏ ၂၀ ရာခိုင်နူန်းကို လက်ငင်းငွေပေးချေရမည် ဖြစ်ပြီး ၅ နှစ် မှ ၁၅ နှစ်အထိ အရစ်ကျဝယ်ယူနိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အိမ်ရာစီမံကိန်းအတွက် လျှောက်ထားသူ ၆၀၀၀ ခန့်မှ ဝယ်ယူခွင့်ရှိသူများကို ဇွန်လ ၂၅ ရက်နေ့တွင် မဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly