နှစ်နှစ်ကြာ အိမ်ထောင်သက်တမ်းကို အဆုံးသတ်လိုုက်တဲ့ အေဗရာလာဗင်း

နှစ်နှစ်ကြာ အိမ်ထောင်သက်တမ်းကို အဆုံးသတ်လိုုက်တဲ့ အေဗရာလာဗင်း

နာမည်ကျော်အဆိုတော် အေဗရာလာဗင်းသည် ခင်ပွန်းဖြစ်သူ ချက်ဒ်ခရိုကာနှင့် လမ်းခွဲလိုက် ပြီဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။အေဗရာလာဗင်းသည် အိမ်ထောင် သက်တမ်းနှစ်နှစ်ကြာပြီးနောက် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း Us Weekly တွင်ဖော်ပြထားသည်။

အေဗရာလာဗင်းက ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် မိတ်ဆွေများအဖြစ် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း  Instagram တွင် ဖော်ပြထားသည်။

“ ချက်ဒ်နဲ့ ကျွန်မတို့ လမ်းခွဲပြတ်စဲတဲ့ကိစ္စကို စက်တင်ဘာ ၂ ရက်မှာ ကြေညာရတာ စိတ်မ ကောင်းပါဘူး။ ဒါပေမဲ့ ကျွန်မတို့ မမေ့နိုင်တဲ့ အမှတ်တရတွေ အများကြီး ရှိပါတယ်။ ကျွန်မတို့ဟာ အကောင်းဆုံး သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေဦးမှာပါ။ တစ်ယောက်ကို တစ်ယောက်လည်း အမြဲတမ်း ဂရုစိုက်နေမှာပါ” ဟု လာဗင်းက ထုတ်ပြန်ချက်တွင် ပြောကြားသည်။

အေဗရာလာဗင်းနှင့် ချက်ဒ်ခရိုကာတို့သည် ၂၀၁၃ ခုနှစ် ဇူလိုင်လက ကနေဒါတွင် လက်ထပ်ပွဲ ကျင်းပခဲ့ကြောင်း People Magazine တွင် ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦး လက်ထပ်ပြီးနောက်  လပေါင်း များစွာအကြာ ကွာရှင်း ပြတ်စဲတော့မည်ဟူသော ကောလာဟလသတင်းများ ထွက်ပေါ်လာ သော်လည်း အေဗရာလာဗင်းနှင့် ချက်ဒ်ခရိုကာတို့က ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးသည် အဆင်ပြေပြေ ရှိကြောင်း ကာကွယ် ပြောကြားခဲ့သော်လည်း နောက်ဆုံးတွင် ကြာရှည်တည်မြဲခဲ့ခြင်း မရှိပေ။

လွန်ခဲ့သည့် နှစ်များက အေဗရာသည် ပြင်းထန်သော အဖျားဝေဒနာကို ခံစားခဲ့ရကြောင်းနှင့် ခင်ပွန်းဖြစ်သူ၏ ဖေးမကူညီမှုကြောင့် ရောဂါမှ သက်သာလာကြောင်းအေဗရာ ကပြောကြား သည်။အေဗာရာ လာဗင်းနှင့် ချက်ဒ်ခရိုကာတို့တွင် သားသမီး မရရှိကြောင်းနှင့် ချက်ဒ်ခရိုကာသည် အေဗရာလာဗင်း၏ ဒုတိယ အိမ်ထောင်ဖြစ်သော်လည်း ချက်ဒ်ခရိုကာအတွက် ပထမအိမ်ထောင် ဖြစ်သည်။

အသက် ၃၀ နှစ်ရှိ အေဗရာလာဗင်းသည် ၂၀၀၉ ခုနှစ်က အသက် ၄၁ နှစ်ရှိ အဆိုတော် ဒီရက်ခ်ဝစ်ဘလီနှင့် ကွာရှင်းပြတ်စဲခဲ့သည်။ အသက် ၄၀ နှစ်အရွယ်ရှိ ချက်ခရိုကာသည် အေဗရာ လာဗင်းနှင့် လက်မထပ်ခင်က ခရစ္စတင်ဒီးဝပ်နှင့် နှစ်ပေါင်းများစွာကြာ တွဲခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly