ကရင်ပြည်နယ်တွင် လူ ၉၀၀၀ ကျော် ရေဘေးဒုက္ခကြံု

ကရင်ပြည်နယ်တွင် လူ ၉၀၀၀ ကျော် ရေဘေးဒုက္ခကြံု
ဓာတ်ပုံ-ကျိုက်မရော/မုဒုံ သတင်းစုံ

ရန်ကုန်၊ ဇူလိုင် ၂၅ ။          ။ မိုးရွာသွန်းမှုနှင့် မြစ်ရေတိုးမှုများကြောင့် ကရင်ပြည်နယ်ရှိမြို့နယ်အချို့တွင် ရေကြီး ရေလျှံမှုများဖြစ်ပေါ်နေပြီး လူ ၉၀၀၀ ကျော် ရေဘေးဒုက္ခရောက်နေကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိန်းက မဇ္ဈိမသို့ အတည်ပြုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကရင်ပြည်နယ်၌ မိုးဆက်တိုက်ရွာသွန်းခဲ့သောကြောင့် ဘားအံ၊ လှိုင်းဘွဲ့၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ် ၅ ခုတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့သည်။

“ကရင်ပြည်နယ်တစ်ခုလုံးဆိုရင်တော့ လူ ၉၀၀၀ ကျော်လောက် ရှိတယ်ဗျ “ ဟု ကရင်ပြည်နယ်သို့ ရောက်ရှိနေသည့် ဒေါက်တာမင်းသိန်းကပြောသည်။

ရေကြီးမှုကြောင့် အဓိကခံစားနေရသည့် မြို့နယ် ၅ ခုတွင် ကယ်ဆယ်ရေးစခန်း ၁၄ ခုခန့် ဖွင့်လှစ် ထားရှိကြောင်းလည်းသိရသည်။

လှိုင်းဘွဲ့မြို့နယ်သည် ရေကြီးမှုဒဏ်ကို အဓိကခံစားနေရသည့် မြို့နယ်ဖြစ်ပြီး လက်ရှိတွင် ရေ ၃ ပေခန့်ပြန်ကျသွားပြီးဖြစ်ကြောင်း၊ ရေဘေးကြုံတွေ့ရသူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နေ၍ စားနပ်ရိက္ခာ ၇ ရက်စာခန့် ထောက်ပံ့ပေးထားကြောင်း သိရသည်။

လက်ရှိတွင် ရေပြန်ကျနေပြီဖြစ်သော်လည်း အဆိုပါဒေသတွင်လာမည့် တစ်ရက်၊ နှစ်ရက်အတွင်း မိုးဆက်လက် ရွာသွန်းဖွယ်ရှိနေသည်ဟု မိုး/ဇလမှ ထုတ်ပြန်ထားသောကြောင့် ကရင်ပြည်နယ်၏ ရေကြီးနေမှုအခြေအနေမှာ စိုးရိမ်ဖွယ် ဆက်လက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required