ထိခိုက်ဒဏ်ရာဖြစ်လာရင် နည်းလမ်းတကျ ဂရုစိုက်ဖို့

ထိခိုက်ဒဏ်ရာဖြစ်လာရင် နည်းလမ်းတကျ ဂရုစိုက်ဖို့

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ခန္ဓာကိုယ်မှာတစ်ခုခု ထိခိုက်အနာတရဖြစ်တဲ့အခါတိုင်း ဒါမှမဟုတ် ခွဲစိတ်မှုရဲ့ချုပ်ရိုးအနာကြောင့် ဖြစ်ဖြစ် သင့်ခန္ဓာကိုယ်က ဒဏ်ရာပြန်ကျက်စေဖို့ သူ့အလိုလိုလုပ်ဆောင်ပါတယ်။ အရေပြားမှာ အနာကျက်သွားရင်တောင်မှ အမာရွတ်ကျန်ရင် ကျန်ခဲ့နိင်ပါတယ်။

အမာရွတ်ဖြစ်မဖြစ်ဆိုတာက အနာကျက်ခဲ့တဲ့ပုံစံမှန်မှန်ဆိုတာမှာ မူတည်နေပါတယ်။ နည်းလမ်းမမှန် သေချာဂရုမစိုက်ခဲ့တဲ့ ဒဏ်ရာကတော့ အမာရွတ်ကျန်ခဲ့မှာသေချာပါတယ်။ ဒါပေမယ့် ဒူးခေါင်းနဲ့ တံတောင်ဆစ်တို့လို အရိုးအဆစ်နေရာတွေမှာ ဖြစ်တဲ့ဒဏ်ရာနဲ့ ခွဲစိတ်ချုပ်ရိုးတို့ကတော့ အမာရွတ်ဖြစ်ကျန်ဖို့ ရှောင်လွှဲရခက်ပါတယ်။ တော်တန်ရုံ အသေးစား ထိခိုက်ဒဏ်ရာလေးတွေနဲ့   ခြစ်ရာ၊ပွန်းပဲ့ရာတွေကို နည်းလမ်းတကျ ဂရုစိုက်ပေးမယ်ဆိုရင် အမာရွတ်မဖြစ်ဘဲ နဂိုအတိုင်းပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။

ဒဏ်ရာတွေအမျိုးမျိုးရှိတဲ့အထဲက မတော်တဆဖြစ်တဲ့ အသေးစားထိခိုက်အနာတရလေးတွေကို အိမ်မှာပဲ ဂရုစိုက်စောင့်ရှောက်ပေးလို့ရပေမယ့် ဒဏ်ရာကြီးရင်တော့ ဆေးခန်း၊ ဆေးရုံအမြန်ဆုံးသွားပြီး ကျွမ်းကျင်ဆရာဝန်နဲ့ ကုသမှုခံယူသင့်ပါတယ်။ ထိခိုက်ရှနာ အသေးစားလေးဆိုပြီးလည်း မပေါ့ဆပါနဲ့။ အထင်မသေးပါနဲ့။ ဓားရှရာလို၊ သံစူးတာလို အနာသေးသေးလေးကနေ အနာရင်းတာ၊ ပိုးဝင်တာတွေဖြစ်လာနိုင်ပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

 
အနာကို သေချာဂရုမစိုက်ရင် ဘာတွေဖြစ်လာနိုင်သလဲ

  •     ပိုးဝင်ခြင်း – အနာကို ပိုးဝင်ပြီဆိုရင် အနာရင်းပြီး ပြည်တည်လာမယ်၊ အနံ့ဆိုးလာမယ်၊အဖျားတက်လာမယ်၊အနာက အရမ်းနာလာမယ်၊ ရောင်ရမ်းလာမယ်၊ အနာနေရာက ပူလောင်သလို ခံစားရမယ်။
  •     ရောင်ရမ်းခြင်း –  ရောင်နေတဲ့ အနာက ပူစပ်စပ်ဝေဒနာ၊ နာကျင်မှုဝေဒနာခံစားရပြီး အနာရှိနေတဲ့ လက် သို့မဟုတ် ခြေထောက်က လှုပ်ရှားရခက်ပါလိမ့်မယ်။
  •     အမာရွတ်ဖြစ်ခြင်း  – ဆဲလ်အသစ်ဖြစ်ပေါ်မှုနဲ့ fibrous တစ်ရှူးတွေကြောင့် အနာကိုကျက်စေတယ်ဆိုပေမယ့် အမာရွတ်ကိုလည်း ဖြစ်စေနိုင်ပါတယ်။ Gangrene လို့ခေါ်တဲ့ တစ်ရှူးသေဆုံးခြင်းကြောင့် ခြေလက်ဖြတ်တောက်ကုသရတဲ့အထိ ဖြစ်စေတာလည်းရှိပါတယ်။
  •     sepsis – အနာကိုပိုးဝင်ပြီး သွေးထဲကို ဘက်တီးရီးယားပိုးရဲ့အဆိပ်တွေပြန့်သွားတဲ့ အခြေအနေဖြစ်လာနိုင်ပါတယ်။
  •     မေးခိုင်ရောဂါ – အသက်ပါဆုံးရှုံးရနိုင်တဲ့ရောဂါပါ။
  •     Cellulitis  -staph  ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားပိုးဝင်ရောင်ရမ်းခြင်းဖြစ်ပါတယ်။ အောက်ခံအရေပြားအလွှာတွေမှာ ရောဂါပိုးဝင်ခြင်းဖြစ်ပြီး  ဒီလိုရောဂါပိုးဝင်ခဲ့ရင် ရောဂါပျံ့နှံ့ပြီး သွေးမလျှောက်တော့ဘဲ ခန္ဓာကိုယ်တစ်ရှူးတွေ ပုပ်ပွပျက်စီးလာတဲ့အခါ ခြေထောက်ဖြတ်ပစ်ရတာမျိုး၊ တခြားအစိတ်အပိုင်းတွေပါပျံ့နှံ့ပြီး ပုပ်လာတာမျိုး၊ အသက်ဆုံးရှုံးရတာမျိုးတွေအထိဖြစ်နိုင်ပါတယ်။

 

ဒါတွေမဖြစ်ရအောင် ထိခိုက်ဒဏ်ရာတွေကို ဘယ်လိုဂရုစိုက်ကုသမလဲ

  •     အရင်ဆုံး လက်ကို စင်ကြယ်အောင်ဆေးပါ။ ဒါမှ ရောဂါပိုးမဝင်နိုင်မှာပါ။
  •     သွေးတိတ်အောင်လုပ်ပါ။  ပွန်းပဲ့ရှနာတွေလောက်ကတော့ အလိုလိုသွေးတိတ်သွားလေ့ရှိပါတယ်။ လိုအပ်ရင်တော့ ပတ်တီးစ၊ ဂွမ်းစသန့်သန့်လေးနဲ့ အသာလေးဖိထားပြီး သွေးတိတ်တဲ့အထိ အနာဖြစ်တဲ့နေရာကို မြှင့်ထားပေးပါ။
  •     အနာကို သန့်စင်ပါ။ အနာကိုရေနဲ့ဆေးကြောရပါမယ်။ အနာပေါ်ကနေ ရေနဲ့လောင်းပြီးဆေးချတာက ရောဂါပိုးဝင်နိုင်တဲ့ အန္တရာယ်လျော့နည်းစေပါတယ်။ အနာပတ်ဝန်းကျင်ကို ဆပ်ပြာနဲ့ဆေးကြောသန့်စင်ပါ။ ဒါပေမယ့် အနာပေါ်ကို ဆပ်ပြာမထိပါစေနဲ့။ hydrogen peroxide သို့မဟုတ် iodine ဆေးရည်တွေမသုံးပါနဲ့။အရမ်းစပ်ပါလိမ့်မယ်။ အနာထဲမှာ အစအနတွေ၊ အညစ်အကြေးတွေကို ဖယ်ထုတ်ရင်တော့ အရက်ပြန်နဲ့သန့်စင်ထားတဲ့ ဇာဂနာလေးနဲ့အသာအယာဖယ်ထုတ်နိုင်ပါတယ်။
  •     အနာပိုးသတ်ဆေးတစ်ခုခုလိမ်းပါ။ အနာကို အစိုဓာတ်ကျန်စေဖို့၊အနာကျက်စေဖို့၊ အမာရွတ်မကျန်စေဖို့အတွက် ပိုးသတ်ဆေး(ဥပမာ- Septidine, Betadine)အရည် သို့မဟုတ် အဆီတစ်ခုခုကို ခပ်ပါးပါးလိမ်းပေးပါ။
  •     အနာကို ဖုံးအုပ်ထားပါ။ ဆေးထည့်ပြီးနောက် အနာကပ် ပလာစတာကပ်ပေးတာ၊ ပတ်တီးစည်းတာ၊ဒါမှမဟုတ် ဂွမ်းစခံပြီးအနာကပ်စက္ကူတိပ်နဲ့ကပ်ပေးတာကောင်းပါတယ်။ ပွန်းရာ၊ ခြစ်ရာသေးသေးလေးဆိုရင်တော့ ဖုံးအုပ်စရာမလိုပါဘူး။
  •     ပလာစတာ သို့မဟုတ် ပတ်တီးကို လဲပေးရပါမယ်။ ပလာစတာ၊ပတ်တီးမှာ ရေစိုလာရင်၊ ညစ်ပေလာရင်လဲပေးရမှာဖြစ်သလို ပုံမှန်အားဖြင့် အနည်းဆုံးတစ်နေ့တစ်ကြိမ်လဲပေးဖို့လိုပါတယ်။
  •     မေးခိုင်ကာကွယ်ဆေးထိုးပါ။ ဒဏ်ရာက နက်ရင်၊ ဒါမှမဟုတ် မသန့်ရှင်းတဲ့အရာဝတ္ထုကြောင့်ရခဲ့တဲ့ ဒဏ်ရာဖြစ်ရင်(ဥပမာ-သံချေးတက်နေတဲ့သံစူးတာ၊ရှတာ) မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါမယ်။
  •     ရောဂါပိုးဝင်တဲ့လက္ခဏာရှိမရှိ စောင့်ကြည့်ပါ။ အနာတဝိုက်မှာ သို့မဟုတ် အရေပြားမှာ နီရဲလာတာ၊ နာကျင်လာတာ၊ ပြည်တည်လာတာ၊ ပူနွေးမှုဖြစ်လာတာ၊ ရောင်ရမ်းလာတာလိုမျိုး ပိုးဝင်တဲ့လက္ခဏာတွေ့ရရင် ဆရာဝန်နဲ့အမြန်ဆုံးပြပြီး ကုသမှုခံယူပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly