လူမျိုးရေးခွဲခြားခံရတယ်ဆိုတဲ့ အိုဇေးလ်ရဲ့ပြောဆိုချက်ကို ဂျာမန်ဘောလုံးအဖွဲ့ချုပ် ပြတ်ပြတ်သားသား ငြင်းဆန်

လူမျိုးရေးခွဲခြားခံရတယ်ဆိုတဲ့ အိုဇေးလ်ရဲ့ပြောဆိုချက်ကို ဂျာမန်ဘောလုံးအဖွဲ့ချုပ် ပြတ်ပြတ်သားသား ငြင်းဆန်

ဇူလိုင် ၂၄၊ ဘာလင်။           ။ လူမျိုးရေးခွဲခြားခံရတယ်လို့ ကွင်းလယ်ကစားသမား အိုဇေးလ်က ပြောဆိုခဲ့တဲ့အပေါ် ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ပြတ်ပြတ်သားသားငြင်းဆန်လိုက်ပါတယ်။

ဂျာမနီဘောလုံးလောကအတွင်း လူမျိုးရေးခွဲခြားမှုနဲ့ အလေးမထားမှုကြောင့် ဂျာမနီလက်ရွေးစင်အသင်းအတွက် ကစားပေးလိုစိတ်မရှိတော့ဘူးလို့ အသက် ၂၉ နှစ်အရွယ် အိုဇေးလ်က ပြောဆိုထားခဲ့တာပါ။

ဂျာမနီအသင်း ကမ္ဘာ့ဖလားမှာ ရလဒ်မကောင်းခဲ့တာနဲ့ပတ်သက်ပြီး လူမျိုးရေးမုန်းတီးတဲ့ ပေးစာတွေ၊ ခြိမ်းခြောက်စာတွေကို ရရှိခဲ့တယ်လို့လည်း ကွင်းလယ်ကစားသမားက ဆိုပါတယ်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်ကတော့ “လက်ရွေးစင်အသင်းကနေ အိုဇေးလ်ထွက်သွားလို့ ဝမ်းနည်းပါတယ်။ အဖွဲ့ချုပ်အနေနဲ့ လူမျိုးရေးခွဲခြားမှုတွေနဲ့ ဆက်စပ်မှုမရှိဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုပါတယ်။

အဖွဲ့ချုပ်ဟာ ဂျာမနီမှာ လူမျိုးရေးမခွဲခြားဘဲ ညီညွတ်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင် လုပ်ရှားခဲ့ပါတယ်”လို့ ကြေညာ ချက် ထုတ်ပြန်ခဲ့ပါတယ်။

အိုဇေးလ်ဟာ မေလအတွင်း လန်ဒန်က ပွဲတစ်ခုမှာ တူရကီသမ္မတ အာဒိုဂန်နဲ့ ဓါတ်ပုံတွဲရိုက်ခဲ့တုန်းက ဂျာမနီဘောလုံးအဖွဲ့ချုပ်နဲ့ ဂျာမန်မီဒီယာတွေရဲ့ ဝေဖန်ခံခဲ့ရပါသေးတယ်။

ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်း အုပ်စုအဆင့်ကနေထွက်ခဲ့ရတော့လည်း သူဟာ ပိုပြီးပစ်မှတ်ထား ပြစ်တင်ခံခဲ့ရပါတယ်။ အဲဒီကိစ္စ နဲ့ပတ်သက်ပြီး ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်းမရှိဘူးလို့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ကောက်ချက်ချခဲ့ပါတယ်။

လူမျိုးရေး ခွဲခြားမှုတွေရဲ့ ပစ်မှတ်အဖြစ်ကနေ လုံလောက်တဲ့ အကာအကွယ်မရဘူးလို့ အိုဇေးလ်ခံစားသွားရတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့လည်း အဖွဲ့ချုပ်က ဆိုခဲ့ပါတယ်။ အိုဇေးလ်ဟာ တူရကီ-ဂျာမန် နွယ်ဖွားတစ်ဦးဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required