မြေသိမ်းခံရမှုတိုင်ကြားစာများအား စက်တင်ဘာလကုန်တွင် အပြီးဖြေရှင်းရန် ညွှန်ကြား

မြေသိမ်းခံရမှုတိုင်ကြားစာများအား စက်တင်ဘာလကုန်တွင် အပြီးဖြေရှင်းရန် ညွှန်ကြား
ဇူလိုင် ၂၃ ရက်နံနက်ပိုင်းက လယ်ယာမြေကျူးကျော်လုပ်ကိုင်နေမှုအား ဖြေရှင်းမပေးသဖြင့် ဒီပဲယင်းမြို့နယ်မှ တောင်သူတစ်ဦး မုံရွာမြို့တွင် ဆန္ဒထုတ်ဖော်နေစဉ်။
(ဓာတ်ပုံ- Aung Nay Myo)

 

မုံရွာ၊ ဇူလိုင် ၂၃။               ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာမြေများသိမ်းဆည်းခံရမှုနှင် ပတ်သက်သော တိုင်ကြားစာများကို စက်တင်ဘာလကုန်တွင် အပြီးဖြေရှင်းပေးရန်အတွက် ညွှန်ကြားထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။

လက်ရှိတွင် စိစစ်ဖြေရှင်းနေဆဲတိုင်ကြားစာပေါင်း (၄၁၀) စောင် ရှိနေပြီး တိုင်ကြားစာများထပ်မံရောက်ရှိလာပါ ကလည်း အမြန်ဆုံးဖြေရှင်းပေးရန်အသင့်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောသည်။

"သြဂုတ်လကုန် ဒါမှမဟုတ် စက်တင်ဘာလကုန်မှာ အပြီးဖြေရှင်းဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ တိုင်ကြားစာ ထပ်ရောက်လာရင်လည်း ဖြေရှင်းပေးဖို့ ရှိပါတယ်" ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အနေဖြင့် စုစုပေါင်းတိုင်ကြားစာ (၁၄၄၉) စောင်အနက်မှ (၁၀၃၉)စောင်အား ဖြေရှင်းပြီးဖြစ်ကြောင်း၊ ပြီးစီးမှု (၇၀ ဒသမ ၈၅) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ(ဗဟို) မှ ပေးပို့လာသော တိုင်ကြားစာပေါင်း (၃၇၇)စောင်အနက် (၁၃၂)စောင် ကျန်ရှိနေပြီး၊ တိုင်းဒေသကြီး လယ်ပြန်စစ် သို့ တိုက်ရိုက်တင်ပြလာသော တိုင်ကြားစာပေါင်း (၂၀၁)စောင်အနက် (၄၅)စောင် ကျန်ရှိနေကြောင်း သိရသည်။

ယခုဖြေရှင်းပေးနေသော တိုင်ကြားစာများသည် ယခင်အစိုးရခေတ်ကတည်းက ရောက်ရှိခဲ့သော အစီရင်ခံစာ အပိုင်း (၁၈)ပိုင်းရှိပြီး ၎င်းအစီရင်ခံစာများပါ ဖြေရှင်းပေးနေရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။

ယင်းသို့ မြေသိမ်းဆည်းခံရမှုပြသနာများအား ဖြေရှင်းပေးနေသည်ဟုဆိုသော်လည်း မြေပြင်တွင် ဖြေရှင်းနိုင်မှု အားနည်းသည်ဟုမြင်ကြောင်း ချောင်းဦးမြို့နယ်မှ သိမ်းဆည်းခံမြေပြန်လည်ရရှိရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက သုံးသပ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly