ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၄ နှစ်မြောက် အခမ်းအနားပြုလုပ်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၄ နှစ်မြောက် အခမ်းအနားပြုလုပ်

 

ရန်ကုန်၊ ဇူလိုင်လ ၂၃ ။          ။ အဖိနှိပ်ခံပြည်သူများဘက်မှ ရပ်တည်ခဲ့သူ၊ နယ်ချဲ့ဆန့်ကျင်ရေးသမားအဖြစ် ထင်ရှားခဲ့သည့် ဆရာကြီးသခင် ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၄ နှစ်မြောက် အခမ်းအနားကို ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သည်။

ရန်ကုန်၊ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်တွင်ရှိသည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန်တွင် ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအဖွဲ့အစည်းများ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂနှင့် တောင်သူလယ်သမားသမဂ္ဂတို့ တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

“ ဒီနေ့ကျင်းပဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးအယူအဆပေါ့။ သူက ပြည်တွင်းစစ်ကို လူထုဆန္ဒနဲ့အညီပေါ့နော်။ ရပ်စဲမယ်ဆိုတဲ့ ဆရာကြီးတို့ရဲ့ ရည်မှန်းချက်ပေါ့။ အဲ့ဒါကို ကျွန်တော်တို့ ဒီနေ့ခေတ် ပြည်သူလူထု၊ လူငယ်မျိုးဆက်သစ်တွေ၊ လက်ရှိတာဝန်ယူ လုပ်ကိုင်ဆောင် ရွက် နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ အားလုံးသိစေချင်ပါတယ်။ အဲ့ဒီလိုလူထုအားလုံးရဲ့ ဆန္ဒနဲ့ အညီ ပြည်တွင်းစစ်ကြီးကို ရပ်စဲမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မှာဖြစ်ပါတယ်ဆိုတဲ့ မက်ဆေ့ကို ဒီနေ့ပေးချင်တာပါ”ဟု ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးကွန်ရက်မှ ပြန်ကြားရေးတာဝန်ခံ ဦးထွန်း ဝင်းငြိမ်းက ပြောသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှာ အသက် ၈၉ နှစ်အရွယ်၊ ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကွယ်လွန် ခဲ့ခြင်းဖြစ်ပြီး ၁၉၁၁ ခုနှစ် စတင်ပြီး နယ်ချဲ့ဆန်ကျင်ရေး၊ အမျိုးသားရေးအတွက် စာပေကလောင်ဖြင့် စတင် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

သူရိယသတင်းစာတွင် အယ်ဒီတာတာဝန်ထမ်းဆောင်စဉ် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားယဉ်ကျေးမှုများကို ဖော်ထုတ်သော ဆောင်းပါးများနှင့် ကဗျာများရေးဖွဲ့ခဲ့ပြီး ဗိုလ်ဋီကာဟု အမည်ပေးခဲ့ကာ ကလောင်အမည်အား မစ္စတာမောင်မှိုင်းဟု တပ်လိုက်ရာမှ ငယ်နာမည်ဖြစ်သည့် မောင်လွမ်းမောင် ပျောက်ပြီး ဆရာမှိုင်း အမည်တွင် ခဲ့ခြင်းဖြစ်သည်။

“ တစ်ချို့က အဖွားကိုမေးပါတယ်။ နင်တို့အဖိုးက နိုင်ငံရေးလုပ်တာ နင်တို့မချမ်းသာဘူးလားတဲ့။ အဲ့တော့ ကျွန်မကတော့ ပြန်ပြောခဲ့တယ်။ ကျွန်မတို့အဖိုးက နိုင်ငံ့ရဲ့အရေးအခင်း၊ နိုင်ငံရေးစစ်စစ်လုပ်တာလို့၊ နိုင်ငံရေး ကိုအကြောင်းပြုပြီးချမ်းသာကြွယ်ဝမှုကို ဘာတစ်ခုမှမလုပ်ခဲ့ဘူး။ အဲ့ဒီတစ်ခုကတော့ အဖိုးကို ကျေးဇူး လည်း တင်တယ်။ ဝမ်းလည်းသာတယ်။ အဖိုးနာမည်ပြောလိုက်ရင်ပဲ ကိုယ့်ကိုလည်း ချစ်ခင်ကြင်နာကြတာပေါ့နော်”ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မြေးဖြစ်သူ အသက် ၇ဝ အရွယ် ဒေါ်မြမြအေးကပြောသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးရပြီးနောက် ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်များဖြစ်ပွားလာသောအခါ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးမျိုးအဖုံဖုံကြိုးစား အားထုတ်ခဲ့သည်။

၁၉၅၇ ခုနှစ်တွင်း ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်ခဲ့ကာ ၁၉၅၂ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(မြန်မာနိုင်ငံ)၏ ဥက္ကဌဖြစ်လာခဲ့သည်။ ထိုနှစ်တွင် တရုတ်နိုင်ငံ၊ ပီကင်းမြို့တော်၊ ၁၉၅၃ ခုနှစ်တွင် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်မြို့တော်၊ ၁၉၅၇ ခုနှစ်တွင် သီဟိုနိုင်ငံ၊ ကိုလံဘိုမြို့တော်များသို့ သွားရောက်ခဲ့ပြီး ကမ္ဘာ့အကျိုးကို ဆောင်ရွက်ခဲ့သဖြင့် ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုအား ချီးမြှင့်ခြင်းခံခဲ့ရသူ ဖြစ်သည်။

 ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အသက် ၈ဝ ကျော်အရွယ်အထိ ပြည်သူများ၏ လွတ်လပ်ရေး၊ ငြိမ်းချမ်း ရေးအတွက် ဘဝတစ်လျှောက်လုံး မနားမနေအားထုတ်ကြိုးစားပေးခဲ့သူတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly