လယ်ယာမြေပေါ်တွင် အိမ်ယာကွက်သစ်များဖော်ထုတ်ရောင်းချနေမှုကို တားဆီး

လယ်ယာမြေပေါ်တွင် အိမ်ယာကွက်သစ်များဖော်ထုတ်ရောင်းချနေမှုကို တားဆီး
 ဇူလိုင်လ ၂၂ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်အတွင်းက ကျွဲရေကုန်း ကျေးရွာကွင်း၊နွယ်နီကျေးရွာကွင်း၊ဆင်ရွာကြီးကျေးရွာကွင်းနှင့်နန္ဒာကျေးရွာကွင်း တို့ကို စစ်ဆေးနေစဉ်။(ဓာတ်ပုံ၊ဦးသောင်းဌေးလင်း)

 

မန္တလေး၊ ဇူလိုင် ၂၃ ။             ။ မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိသည့် လယ်ယာမြေများပေါ်တွင် တရားမဝင် အိမ်ယာကွက်သစ်များဖော်ထုတ်ရောင်းချနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် တားဆီးအရေးယူမှုများ လုပ်ဆောင်နေကြောင်းသိရသည်။

ထိုသို့တားဆီးအရေးယူမှုများကို ဇူလိုင်လ ၂၂ ရက်က စတင်၍ ကျွဲရေကုန်းကျေးရွာကွင်း၊နွယ်နီကျေးရွာကွင်း၊ ဆင်ရွာကြီးကျေးရွာကွင်းနှင့် နန္ဒာကျေးရွာကွင်း စသည့် ကွင်များတွင် အကွက်ရိုက်ရောင်းချနေမှုများကို ပုသိမ်ကြီးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်များ၊
မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ခု စစ်ဆေးနေတာလည်း တိုင်းအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ဆောင်ရွက်တာပါ။ အရေးယူမယ့်အပိုင်းတော့ မသိရသေးဘူး။ ထပ်ပြီး ကွက်သစ်တွေ မလုပ်အောင်တားနေတယ်။" ဟု ပုသိမ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ပြောသည်။

ယခုလို လယ်ယာမြေများအား တရားမဝင်ကွက်သစ်ဖော်ထုတ်ရောင်းချနေမှုများကြောင့် စပါးစိုက်ဧကများ လျှော့နည်းလာသလို စနစ်မကျသည့် မြို့ကွက်သစ်ဖော်ထုတ်လာခြင်းကြောင့်   ချောင်း၊မြောင်းများလည်း ပိတ်ဆို့မှုများရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် လယ်မြေဧက ၅ သိန်းကျော်နှင့် ယာမြေဧက ၂၂ သိန်းကျော်ရှိသည်။

လတ်တလောစစ်ဆေးတွေ့ရှိခဲ့သည့် လယ်ယာမြေများကို အကွက်ရိုက်ရောင်းချရန် ဆောင်ရွက်နေသည့် မြေကော်စက်ကြီး တစ်စီး၊ကျောက်များတင်ဆောင်ထားသည့် ထော်လာဂျီနှစ်စီး၊ ဘိလပ်မြေအိတ်များ၊ ထုံးအိတ်များ၊သံပင်များနှင့်ဆောက်လုပ်ရေးစက်စပ်ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး အစိုးရအဖွဲ့ထံ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ဆိုသည်။

ထိုသို့တားဆီးစစ်ဆေးနေမှုများနှင့်ပတ်သက်၍ ဆင်ရွာကြီးကျေးရွာ ဒေသခံတစ်ဦးက"ဒီဘက်ကွင်းတွေမှာ ရောင်းဝယ်နေတာကြာပေါ့။ အရောင်းအဝယ်လည်းဖြစ်တယ်။ တရားဝင်နည်းနဲ့ ကြေညာပြီး ရောင်းနေကြတာပဲ။ စရောင်းတုန်းက တားမယ့်သူ မရှိပါဘူး။ တောင်သူကလည်း ငွေပေါ်တော့ ရောင်းတာပဲ။ ဘာတွေဖြစ်မယ်တော့ မသိဘူး။"ဟု ပြောသည်။

အကွက်ရိုက်ရောင်းနေသည့် ကွင်းများတွင်း ရောင်းချသည့်ဈေးနှုန်းများမှာ သိန်း ၅၀ မှစတင်၍ သိန်း ၂၀၀ နှင့် ၃၀၀ကြားအတွင်း အရောင်းအဝယ် ဖြစ်နေပြီး အကွက်များမှာလည်း ပေ ၂၀ ၊ပေ ၃၀ အကွက်များ၊ ပေ ၄၀ ၊ ၆၀ ပေ အကွက်များ စသည့်အကွက်များအပြင် ဧကကွက်များလည်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required