တိုရွန်တိုမြို့ သေနတ်ပစ်ခတ်မှု လူ ၂ ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

တိုရွန်တိုမြို့ သေနတ်ပစ်ခတ်မှု လူ ၂ ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

 

ဇူလိုင် ၂၃ ။               ။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့က လူစည်ကားတဲ့ ရပ်ကွက်တစ်ခုမှာ ဇူလိုင် ၂၂ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်လို့ သေနတ်သမား အပါအဝင် လူနှစ်ဦး သေဆုံးသွားကာ ၁၃ ဦး ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြို့တွင်း လူစည်ကားတဲ့ Greektown ရပ်ကွက်မှာဖြစ်တဲ့ ယခုဖြစ်စဉ်ကြောင့် နိုင်ငံမှာ လက်နက်ကိုင်အကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပြန်ပါတယ်။

" ခု ပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တစ်ယောက် ဆုံးသွားပါတယ်၊ နောက်ထပ် မိန်းကလေးငယ်တစ်ယောက်လည်း အခြေအနေ စိုးရိမ်နေရပါတယ်" ဆိုပြီး တိုရွန်တို ရဲတပ်ဖွဲ့က တွစ်တာကနေ ထုတ်ပြန်ပါတယ်။

သေဆုံးသွားသူ အမျိုးသမီးနဲ့ ဒဏ်ရာရသူ ၁၃ ဦး တို့ဟာ သေနတ်တစ်လက်တည်းနဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယင်းဖြစ်စဉ်မှာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပြီးနောက် သံသယရှိ သေနတ်သမားလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

သေနတ်သမားကတော့ ရဲတွေကို ပြန်လည် ပစ်ခတ်ပြီး ၎င်းကိုယ်ကိုယ် ပစ်ပြီး သတ်သေသွားတာဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

အနီးအနားမှာ ရှိသူတွေရဲ့ အဆိုအရ သေနတ်ပစ်သံ အချက် ၂၀ လောက်ကြားခဲ့ရကြောင်း၊ အကြိမ်ပေါင်းများစွာ ကျည်ဖြည့်သံတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။

သေနတ်သမား ယခုလို ပစ်ခတ်သွားရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းကို ခုထက်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တိုရွန်တိုမြို့မှာတော့ ယခုနှစ်အတွင်း လက်နက်ကိုင် ပစ်ခတ်မှု ဖြစ်စဉ် ဖြစ်ပွားမှုနှုန်း မြင့်တက်နေခဲ့ပြီး  ယင်းဖြစ်စဉ်တွေအတွင်း သေဆုံးသူဦးရေဟာ ယခင်နှစ်ကနဲ့ယှဉ်ရင် ယခုနှစ်ထဲမှာ ၅၃ ရာခိုင်နှုန်း ပိုများနေတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly