ထိုင်းဟိုတယ်တစ်ခုမှာ ဧည့်သည် မေ့ကျန်ခဲ့တဲ့ ငွေတွေ ပြန်အပ်တဲ့ မြန်မာအမျိုးသမီး ဂုဏ်ပြုခံရ

ထိုင်းဟိုတယ်တစ်ခုမှာ ဧည့်သည် မေ့ကျန်ခဲ့တဲ့ ငွေတွေ ပြန်အပ်တဲ့ မြန်မာအမျိုးသမီး ဂုဏ်ပြုခံရ

 

ဇူလိုင် ၂၃ ။             ။ ထိုင်းနိုင်ငံ ကော့စမွေကျွန်းက ဟိုတယ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ မဆွေလဲ့မော် အမည်ရ မြန်မာအမျိုးသမီးတစ်ဦးဟာ ယင်းဟိုတယ်မှာ လာတည်းသွားတဲ့ ဒက်ချ်လူမျိုး ကမ္ဘာလှည့်ခရီးသွားတစ်ဦး မေ့ကျန်နေခဲ့တဲ့ ပိုက်ဆံတွေကို ရိုးရိုးသားသားနဲ့ ပြန်အပ်နံှခဲ့တဲ့အတွက် ယခုအခါ ချီးကျူးဂုဏ်ပြုခံခဲ့ရကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က Chaweng ကမ်းခြေက Ark Bar Beach ဟိုတယ်မှာ မဆွေလဲ့မော်တစ်ယောက် သန့်ရှင်းရေး တာဝန်ကျချိန်အတွင်း ဟိုတယ် လှေကားတစ်ခုမှာ ငွေသား ဘတ် ၂၈၀,၀၀၀ နဲ့ညီမျှတဲ့ သြစတြေးလျ ဒေါ်လာ ၁၁,၀၀၀ ထည့်ထားတဲ့ ပလက်စတစ်ဗုံးတစ်ပုံးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနောက် သူမဟာ ယင်းငွေတွေကို ဟိုတယ်ရဲ့ ဧည့်ကြို ကောင်တာဆီ သွားရောက်အပ်နှံခဲ့ပါတယ်။ ကောင်တာက တာဝန်ရှိသူတွေက ပိုင်ရှင်ဖြစ်သူထံ ဆက်သွယ်ပေးခဲ့ပါတယ်။

လုံခြုံရေး ကင်မရာတွေကနေတဆင့် ပြန်ကြည့်ရာမှာတော့ အသက် ၃၁ နှစ်အရွယ် အလက်ဇန်းဒါး ဂျိုးဇက်အမည်ရ နယ်သာလန် ခရီးသွားဧည့်သည်တစ်ဦးဟာ ဟိုတယ်လှေကားထစ်ပေါ်မှာ   ဆေးလိပ်သောက်ရင်းနဲ့ သူ့အခန်းဆီ ပြန်တဲ့အချိန် အထက်ပါ ပိုက်ဆံ ပုံးကို မေ့ကျန်သွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

ဟိုတယ်မန်နေဂျာက အဆိုပါ ဒက်ချ် လူမျိုး ဧည့်သည်ကို ဆက်သွယ်ပြီး အထက်ပါ ငွေ သေတ္တာပုံးကို ပြန်ပေးခဲ့ပါတယ်။ ပိုင်ရှင်ဖြစ်သူ ဒက်ချ် ခရီးသွား ပုံးကို စစ်ကြည့်ခဲ့ရာမှာတော့ အထဲက ငွေတစ်ပြားမှ မလျော့ဘူးလို့ ဆိုပါတယ်။ ယင်းနောက် ရိုးသားတဲ့ မြန်မာအမျိုးသမီး မဆွေလဲ့မော်ကို အဆိုပါဧည့်သည်က ဒေါ်လာ ၁၀၀ ဆုချသွားတယ်လို့လည်း သိရပါတယ်။

ယခုကိစ္စမှာ မြန်မာအမျိုးသမီး ဟိုတယ်ဝန်ထမ်း မဆွေလဲ့မော်ဟာ ယင်းအပန်းဖြေကျွန်းရဲ့ ဂုဏ်သတင်းကောင်းကို ကူညီမြှင့်တင်ပေးနိုင်ခဲ့တယ်ဆိုပြီး ဟိုတယ်ဇုန် အုပ်ချုပ်ရေးမှူးက ချီးကျူးသွားခဲ့တယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags