ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဖျက်သိမ်းရန်မှာ အဖွဲ့ဝင်များ၏ သဘောဆန္ဒပေါ်မူတည်ဟု ဆို

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဖျက်သိမ်းရန်မှာ အဖွဲ့ဝင်များ၏ သဘောဆန္ဒပေါ်မူတည်ဟု ဆို

 

ရန်ကုန်   ဇူလိုင်   ၂၃  ။                ။ မဘသအဖွဲ့မှ အမည်ပြောင်းလဲဖွဲ့စည်းထား သည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ဖျက်သိမ်းခြင်းနှင့် ဆက်လက်ဆောင်ရွက်ခြင်းဆိုသည်မှာ အဖွဲ့ ဝင်များ၏ သဘောဆန္ဒအပေါ်မူတည်သည်ဟု ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ ဗဟိုဦးဆောင် ဆရာတော် ဒေါက်တာအရှင်သောပါက က ဇူလိုင်လ ၂၂ ရက်နေ့တွင် မဇ္ဈိမသို့ မိန့်ကြားသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရား မ ဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်၍ အဖွဲ့လုပ် ငန်း စဉ်များနှင့် အဖွဲ့အစည်း ဆိုင်းဘုတ်များကို ဇူလိုင်လ ၂၀ ရက်မှစတင်၍ ၄၅ ရက်အတွင်း ဖျက်သိမ်းရန် ညွှန်ကြားထားခြင်းနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးရှိ အဖွဲ့ဝင်များ၏ သဘောထား အကြံပြုချက်များတောင်းခံလျှက်ရှိကြောင်း သိရသည်။

"အဲဒါကတော့ အခု အဖွဲ့ဝင်အားလုံးရဲ့ဆန္ဒထွက် လာမယ်လေ၊ တောင်းခံလွှာတွေပေးရင် ထွက် လာမှာပါ။ အဲဒီအခါကျရင်တော့ သိရမှာပါ။ ဦးဇင်း တို့ထုတ်ပြန်မှာပါ " ဟု ဗုဒ္ဓဓမ္မပရဟိတဖောင် ဒေးရှင်း၏ ဗဟိုဦးဆောင် ဆရာတော် ဒေါက်တာအရှင်သောပါက မိန့်ကြားသည်။

လတ်တလောအားဖြင့် သဘောထားအကြံပြု ချက်များ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)သို့ အများအပြားရောက်ရှိနေပြီး အဖွဲ့ကို မဖျက်သိမ်းဘဲ ဆက်လက်ဆောင်ရွက်ရန် ဆန္ဒရှိကြသည်ဟု ဆရာတော် ဒေါက်တာအရှင်သောပါက ဆက်လက် မိန့်ကြားသည်။

" လမ်းညွှန်မှုသဘောထားမှတ်ချက်တွေကတော့ ရာချီရနေပါပြီ။ သူတို့သဘောထားတွေကတော့ လုံးဝမဖြုတ်နိုင်ဘူး။ ဆက်လုပ်မယ်ဆိုတဲ့အပိုင်း တွေ တွေ့နေရတယ်။ အားလုံး မပြီးသေးတော့ အသေးစိတ် ပြောလို့မရသေးဘူး" ဟု ဆရာ တော် ဒေါက်တာအရှင်သောပါက မိန့်ကြားသည်။

ဇူလိုင်လ ၂ဝရက်က ပြုလုပ်သည့် သတ္တမအကြိမ် မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးတွင် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ ၏ လမ်းညွှန်မှုတောင်းခံခြင်းကို ပယ်ဖျက်ပြီး တရားမဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသာ ဖြစ်ကြောင်း၊ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) အဖွဲ့အားလုံး၊ အဖွဲ့ဝင်အားလုံးသည် အဖွဲ့အမည်ကို သုံးစွဲလျက် မည်သည့်အမှုကိစ္စကိုမျှ  ဆောင်ရွက်ခြင်း မပြုရန်နှင့် မြန်မာပြည်အနှံ့ အပြား စိုက်ထူထားသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) ဆိုင်းဘုတ်များကို ၄၅ ရက် အတွင်း ဖြုတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ညွှန်ကြားချက်များကိုမလိုက်နာပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၂ဝ/၉ဝ ဥပဒေဖြင့် အရေးယူနှင့် လူပုဂ္ဂိုလ်ဖြစ် လျှင် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် အရေးယူရန်လည်း ဆုံးဖြတ်ခဲ့သည်။

"အစကတည်းက ဦးဇင်းတို့ မဘသလုပ်တုန်းက လည်း ဒီအတိုင်းပါပဲ၊ ဦးဇင်းတို့ကြေညာချက်ထဲ မှာလည်း ပါပြီးသားလေ။ တည်ဆဲဥပဒေနဲ့ရော သံဃာ့နာယက စည်းမျဉ်းစည်းကမ်းတွေနဲ့ရော ညှိစွန်းတာ ဘာမှမရှိဘူး။ လုပ်သင့်တာတော့ လုပ် နေရဦးမှာပဲ" ဟု ဆရာတော် ဒေါက်တာအရှင် သောပါက က မိန့်ကြားသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်အပေါ် လိုက်နာခြင်း။ မလိုက် နာခြင်းကိစ္စမှာ နောက်ပိုင်းကိစ္စဖြစ်ပြီး ဆောင်ရွက်စရာကိစ္စများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း သာ သနာရေးနှင့် ဝိနိစ္ဆရဋ္ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က မဇ္ဈိမသို့ ပြောကြားထားသည်။

၂ဝ၁၇ ခုနှစ် မေလ ၂၃ ရက်နေ့ကလည်း နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့(မဟန)သည် ယခင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့အား တရားမဝင်အဖွဲ့အစည်းဖြစ် ကြောင်း ကြေညာခဲ့သည်။ ထို့ကြောင့် ၂၀၁၇ ခု နှစ် မေလ ၂၈ ရက်တွင် အင်းစိန်မြို့နယ် အောင် ဆန်းတောရတပ်ဦးကျောင်းတွင် ညီလာခံခေါ်ယူ ၍ မဘသအမည်ကို ဆက်လက် မသုံးစွဲဘဲ “ဗုဓ္ဓဓမ္မ ပရဟိတဖောင်းဒေး ရှင်း” အမည် ပြောင်း လဲ ခေါ်ဝေါ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required