နာဂဒေသ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးစေရန် ဆောင်ရွက်နေ

နာဂဒေသ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးစေရန် ဆောင်ရွက်နေ
Photo-AFP

မုံရွာ၊ ဇူလိုင် ၂၂။              ။ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ဦးစားပေးလုပ်ဆောင်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ပြောသည်။

" နာဂဒေသအတွက် လမ်းပန်းဆက်သွယ်ရေးမှာ ဦးစားပေးလုပ်ဆောင်နေပါတယ်။ ဒေသခံတွေက ဘက်ဟိုးယာဉ်တွေလိုအပ်တယ်ဆိုလို့ ထောက်ပံ့ပေးထားပါတယ်" ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးကပြောသည်။

ထို့ပြင် ခန္တီး-ဆင်သေလမ်းပိုင်းကိုလည်း လုပ်ဆောင်ပေးခဲ့ပြီး ရင်းနှီးမြုပ်နှံမှုအတွက် အကျိုးအမြတ် မရှိသော်လည်း ဒေသဖွံ့ဖြိုးရေးအတွက် ဦးစားပေးဆောင်ရွက်လျှက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းကလည်း ဖြည့်စွတ် ပြောကြားသည်။

အဆိုပါဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျပ်၂၄၃၂ ဒသမ ၀၃၇ သန်း၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျပ် ၃၁၈၈ ဒသမ ၄၇၃ သန်းတို့အား ကုန်ကျခံကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

"လမ်းပန်းဆက်သွယ်ရေးက အရင်ကဆို ဘယ်လိုမှအဆင်မပြေဘူး။ အခုတော့ သိသိသာသာ ကောင်းလာ တယ်။ ပြည်ထောင်စုလမ်းမကြီးကိုလည်း ပေ ၃၀ အထိချဲ့နေတယ်။ ကျေးရွာချင်းဆက်လမ်းကိုလည်း ပြင်ဆင်ပေးနေတယ်။ တစ်ခုပဲ အခက်အခဲရှိတာက နာဂဒေသဟာ မိုးများတဲ့ဒေသဖြစ်လို့ သဘာဝ ဘေးအန္တရာယ်ကတော့ ပြောမရဘူးပေါ့။ လမ်းပန်းဆက်သွယ်ရေးကောင်းလာတာကတော့ သိသိသာသာပါပဲ။" ဟု လဟယ်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလောယုံကပြောသည်။

နာဂဒေသ၏ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံမျိုးစေ့များဖြန့်ဝေခြင်း ခေတ်မှီတောင်စောင်းစိုက်ပျိုးရေးနည်းစနစ်နှင့် စံပြကွက်များ ဆောင်ရွက်ပြသခြင်းတို့အား လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နာဂဒေသ၏ကျန်းမာရေးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နာဂ တိုင်းရင်းသူ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အဆိုတော် မာရီကိုးလ်အား နာဂဒေသဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးသံတမန်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ခန့်အပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required