စဉ့်ကူးမှာ တောဆင်ရိုင်းတစ်ကောင် အဆိပ်လူးမြှားဒဏ်ရာကြောင့် သေဆုံး

စဉ့်ကူးမှာ တောဆင်ရိုင်းတစ်ကောင် အဆိပ်လူးမြှားဒဏ်ရာကြောင့် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၂ ။           ။ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း၌ တောဆင်ရိုင်းတစ်ကောင် အဆိပ်လူးမြှားဒဏ်ရာကြောင့်  သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

သေဆုံးခဲ့သည့် ဆင်မှာ ဟိုင်းဆင်အမျိုးအစားဖြစ်ပြီး အရပ်အမြင့် ၆ ပေ ၈ လက်မ ရှိကာ ရှေ့ရင်ညွန့်တွင် သံဆူးချွန် ပေါက်ထွက်နေသည့် ဒဏ်ရာ ၁ ချက်၊ ယာပေါင်နောက်တွင် သစ်သားစ ပေါက်ဝင်နေသည့် ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေခြင်းလည်းဖြစ်သည်။

အဆိုပါ တောဆင်ရိုင်းအား သတ်ဖြတ်သွားသူအား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က) ဖြင့် အမှုဖွင့်စုံစမ်းနေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

တောဆင်ရိုင်း သေဆုံးမှုများကို နှစ်များအလိုက် စစ်တမ်းကောက်ယူထားရာတွင် ဓမ္မတာ အတိုင်းသေဆုံးခြင်းနှင့် သတ်ဖြတ်ခံရခြင်းဟု နှစ်မျိုးခွဲခြားထားပြီး ၂၀၁၄ ခုနှစ်တွင် ဓမ္မတာအတိုင်း သေဆုံးသည့်ကောင်ရေ ၂၅ကောင်၊ သတ်ဖြတ်ခံရသည့် ကောင်ရေ (၇)ကောင်၊ ၂၀၁၅တွင် ဓမ္မတာအတိုင်း သေဆုံးကောင်ရေ ၁၅ကောင်၊ သတ်ဖြတ်ခံရ ကောင်ရေ ၂၀ ၊ ၂၀၁၆တွင် ဓမ္မတာအတိုင်းသေဆုံး ၁၈ ကောင် နှင့် ၂၀၁၇ ခုနှစ်တွင် ဓမ္မတာအတိုင်း သေဆုံးမှုကောင်ရေ  ၁၃ ကောင်နှင့် သတ်ဖြတ်ခံရသည့်ကောင်ရေ ၄၆ ကောင်ထိ ရှိကြောင်း သိရသည်။

ဆင်များအား အဆိပ်လူးမြှား၊ အားပြင်းသည့် ရိုင်ဖယ်များဖြင့် အများဆုံး ပစ်ခတ်သတ်ဖြတ်ကြပြီး သေဆုံးပြီးနောက် သားရေများ၊ အစွယ်များ၊ အခြားခန္ဓာကိုယ် အစိတ်အပိုင်းများကို ပြည်တွင်းပြည်ပသို့ ပို့ရောင်းချကြသည်။

ဆင်၏ အရေပြားအပါအဝင် ဆင်ခန္ဓာကိုယ် အစိတ်အပိုင်းများသည် တရားမဝင် ဈေးကွက်အတွင်း၌ ဝယ်လိုအား မြင့်မား နေခြင်းကြောင့် မြန်မာနိုင်ငံသည် ဆင်များကို အမဲလိုက်သတ်ဖြတ်ရာ အဓိကနေရာ တစ်ခုဖြစ်လာနေကာ တရုတ်-မြန်မာ နယ်စပ်သည် အဓိက မှောင်ခို ဈေးကွက်ဖြစ်လာနေသည်။

တောဆင်ရိုင်းများကို ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အများဆုံးသတ်ဖြတ်ခြင်း ခံနေရပြီး၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင်တွင် ရခိုင်ရိုးမနှင့် ထိစပ်လျက်ရှိနေသည့် ပုသိမ်၊ ငပုတောနှင့် သာပေါင်း မြို့နယ်များတွင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု အများဆုံးဖြစ်သည်။

အဆိုပါ သတ်ဖြတ်မှုများကို ဖမ်းဆီးရာတွင်  ရန်ကုန်တိုင်း ၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အများဆုံးဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ်တွင် တရားခံ ၃၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၅၆ ဦးနှင့် ယခု ၂၀၁၈ခုနှစ်တွင် တရားခံ ၁၀ ဦးကို အမှုခြောက်မှုနှင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly