ကျောမကြားကျေးရွာ ချင်းတွင်းမြစ်ရေတက်၍ မြစ်ကမ်းပါပြို၊ အိမ်ခြေ ၁၂ လုံးဖျက်ရွှေ့ရ

ကျောမကြားကျေးရွာ ချင်းတွင်းမြစ်ရေတက်၍ မြစ်ကမ်းပါပြို၊ အိမ်ခြေ ၁၂ လုံးဖျက်ရွှေ့ရ

ဇူလိုင် ၂၂ ။            ။ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ညောင်ဇောက်အုပ်စု ၊ ကျောမကြားကျေးရွာ ချင်းတွင်းမြစ်ရေတက်ရာတွင် ရေတိုက်စားကမ်းပြိုမှုများကြောင့် မြစ်ကမ်းနားနေအိမ် ၁၂ လုံးပြောင်းရွှေ့ ဖျက်ရွှေ့နေရကြောင်း သိရသည်။

" ကျွန်တော်တို့ ကျောမကြားကျေးရွာမှာ ချင်းတွင်းမြစ်ရေတိုက်စားမှုများကြောင့် ပြီးခဲ့တဲ့ ဇွန်လပိုင်း လဆန်းပိုင်းလောက် ကနေပြီး ချင်းတွင်းမြစ်ရေတက်မှုကြောင့် မြစ်ကမ်းပါပြိုမှုများ စတင်ဖြစ်ပွားနေတာပါ ၊အခုလောလောဆယ်အထိ အရေးတကြီး ပြောင်းရွှေ့ထားရတဲ့အိမ်ခြေပေါင်း ၁၂ လုံးရှိပါပြီ ။ နောက်ထပ်ပြောင်းရွှေ့ဖို့ရာတွေလည်း ရှိနေပါသေးတယ်၊ အန္တရာယ်ရှိတဲ့ မြစ်ကမ်းပါး နေအိမ်တွေ  ဖျက်ပြီးတော့၊ အရေးကြုံရင် ကြုံသလို ပြောင်းရွှေ့ရမယ့်အိမ်တွေကို ပြောင်းရွှေ့ဖို့လည်း အစီစဉ်တွေ ရေးဆွဲနေပါတယ်၊" ဟု  ကျောမကြားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းလွင်မိုးက ပြောသည် ။

လက်ရှိတွင် လူကယ်ပြန်ဝန်ကြီးဌာနမှလည်း ပြောင်းရွှေ့အိမ် ၁၂ လုံးအတွက် တစ်အိမ်လျှင် ပြောင်းရွှေ့ကြေး ကျပ် ၁ သိန်းနှင့် စားသောက်စရိတ် တစ်အိမ်လျှင် လူတစ်ဦး ၂၁၀၀ ကျပ် နှုန်းစီ၊ လူအသုံးဆောင် ပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ထားကြောင်း သိရသည်။

ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဇူလိုင် ၂၁ရက်နေ့က သဲအိတ်ထည့်ဖို့ရန် ဆာလာအိပ်ခွံ ၃၀၀၀ ထောက်ပံ့ပေးထားသည်။

ရေစကြိုမြို့နယ် NLD ပါတီမှ ယမန်နေ့က လာရောက်ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ထပ်မံကူညီ ပံ့ပိုးပေးပါ့မည်ဟု ပြောကြောင်း၊ ကျောမကြားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းလွင်မိုးက ပြောသည် ။

လတ်တလောတွင် ဖျက်ရွှေ့အိမ်များအတွက်  ပြောင်းရွှေ့ရန် မြေနေရာ အခက်အခဲများ ရှိနေပြီးရှိနေသည့် မြေကွက်အား ကွက်စိပ်များ ရိုက်ကာ ကမ်းပြိုအိမ်များအတွက် စီစဉ်ဆောင်ရွက်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly