အမှိုက်ပုံတွေအကြား မဲဆွယ်စည်းရုံးရေးဆင်းတဲ့ ထူးခြားတဲ့ ပါကစ္စတန်နိုင်ငံရေးသမား

အမှိုက်ပုံတွေအကြား မဲဆွယ်စည်းရုံးရေးဆင်းတဲ့ ထူးခြားတဲ့ ပါကစ္စတန်နိုင်ငံရေးသမား

ဇူလိုင် ၂၂ ။             ။ ပါကစ္စတန်နိုင်ငံရေးသမားတစ်ဦး ဖြစ်တဲ့ အေယက်ဇ် မမ်မွန် မော်တီဝါလာ ကတော့ သူများနဲ့မတူ ထူးခြားတဲ့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး ပုံစံကြောင့် နိုင်ငံမှာ လူသိများပါတယ်။

လာမယ့် ဇူလိုင် ၂၅ ရွေးကောက်ပွဲမတိုင်မီမှာပဲ ရေမြောင်းတွေထဲ၊ မိလ္လာအညစ်အကြေးတွေကြားနဲ့ အမှိုက်ပုံတွေအပေါ် တက်ထိုင်ပြီး မဲဆွယ်စည်းရုံးရေး ဆင်းနေလျက်ရှိတဲ့ မော်တီဝါလာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

လက်ရှိကာလမှာတော့ လာမယ့် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေဟာ ၎င်းတို့ရဲ့ မဲဆွယ်မှုတွေကို အင်တိုက်အားတိုက် အသီးသီး လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

ဂေဟဗေဒပညာရှင်တစ်ဦးလည်း ဖြစ်တဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် မော်တီဝါလာကတော့ ထူးထူးခြားခြားပဲ အမှိုက်ပုံတွေအကြားဆင်းပြီး သူ့ရဲ့မဲဆွယ်မှုတွေကို လုပ်ဆောင်နေခဲ့ပါတယ်။

ပါကစ္စတန်ရဲ့အကြီးဆုံးမြို့ ကရာချိမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်တဲ့ မော်တီဝါလာကတော့ သူသာ အနိုင်ရရင် နိုင်ငံမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး တို့ကို အလေးပေးမယ်ဆိုပြီး စည်းရုံးမဲဆွယ်နေလျက်ရှိပါတယ်။

“ ခု အာဏာပိုင်တွေက ဒီရေမြောင်းတွေကို ဖုံးမပေးဘူးဆိုရင် ကျွန်တော်ကတော့ ဒီမြောင်းတွေထဲ ဆင်းထိုင်ပြီး ဆန္ဒပြရမှာပဲ” လို့ မော်တီဝါလာက အေအက်ဖ်ပီကို ပြောပါတယ်။

မော်တီဝါလာကတော့ သူ့ရဲ့ ရွေးကောက်ပွဲ အမှတ်သင်္ကေတအဖြစ် ရေပိုက်ခေါင်းတစ်ခုကို ရွေးချယ်သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

ပါကစ္စတန်မှာတော့ ရေက အရမ်းအရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဖြစ်နေပြီး နိုင်ငံအနေနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ပြတ်လပ်ရှားပါးတော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

“ ကျွန်တော့်ကို မဲပေးကြပါတယ်၊ တကယ်လို့ မပေးချင်ဘူး ဆိုရင်တောင်မှ ကျွန်တော်တို့ဆီမှာ သန့်ရှင်းတဲ့ ရေဟာ တကယ့်ကို လိုအပ်နေပြီဆိုတာကို သတိရပေးကြပါ” ဆိုပြီး မော်တီဝါလာက မဲဆန္ဒရှင်တွေကို စည်းရုံးပြောဆိုခဲ့ပါတယ်။

ပါကစ္စတန် အထွေထွေရွေးကောက်ပွဲကိုတော့ လာမယ့်ဇူလိုင် ၂၅ ရက်မှာ ကျင်းပမှာဖြစ်ပြီး ပါကစ္စတန် အမျိုးသားလွတ်တော်နဲ့ ခရိုင်ဒေသ လေးခု လွှတ်တော်များအတွက် ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ကြမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required